ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

မြင်းခြံ  ၂၁  ဇွန်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများအတွက် ကိုရီးယားနိုင်ငံ KOICA မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကိုရီးယားနိုင်ငံ KOICA မှ ထောက်ပံ့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် ကျေးရွာတစ်ရွာလျှင် ကိုယ်အပူချိန်တိုင်းကိရိယာ တစ်ခု၊ လက်ဆေးဘေစင် နှစ်ခု၊ အိမ်ထောင်စု တစ်စုလျှင် အဝတ်နှာခေါင်းစည်း သုံးခုစီ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းမှ ညောင်ဦးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မျိုးစေ့များ ပေးအပ်ခဲ့သည်။

 

မြင်းခြံခရိုင်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအဖြစ် မြင်းခြံမြို့နယ်တွင် ရွှေပေါ်ကျွန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်တွင် ထန်းစင်ကျေးရွာ၊ ထန်းခွကျေးရွာ၊ ရွှေပြည့်ရင်ကျေးရွာ၊ ငါန်းဇွန်မြို့နယ်တွင် ရွာပိုတောင်‌ကျေးရွာ စုစုပေါင်း ကျေးရွာ ၅ ရွာရှိကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)