ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် ၁၈ စက်တင်ဘာ


ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ရင်ရင်မေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -


လေးစားရပါသော မိဘပြည်သူအပေါင်းတို့ရှင့် .......


ကျွန်မကတော့ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ဒုတိယဥက္ကဋ္ဌ ဒေါ်ရင်ရင်မေ ဖြစ်ပါတယ်။ ကျွန်မတို့ပါတီရဲ့ မှတ်ပုံတင်အမှတ်စဉ် (၄) ဖြစ်ပြီးတော့ ၂၀၁၀ ဇွန်လ (၇) ရက်နေ့မှာ တရားဝင် ပါတီတည်ထောင်ခွင့် ရထားတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။


အခုလို စကားပြောခွင့်ရတဲ့အတွက် ကူညီသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ကိုးကန့်ဒေသဟာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ ရှမ်းပြည်နယ် အရှေ့မြောက်ဖျားအစွန်ဆုံးတွင် တည်ရှိပါတယ်။ ကိုးကန့်ဒေသဟာ ရှည်လျားကျဉ်းမြောင်းတဲ့ဒေသဖြစ်ပြီး ဧရိယာအကျယ် အဝန်းအားဖြင့် စတုရန်းမိုင် (၂၀၀၀) ခန့် ရှိပါတယ်။
အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီးတော့ တောင်ဘက်မှာ ဝ ဒေသနှင့်လည်း ဆက်စပ်နေပါတယ်။ မြောက်ဘက်မှာ သံလွင်မြစ်ရှိပြီး အနောက်ဘက်မှာ သံလွင်မြစ်ခြားပြီး ကွတ်ခိုင်ခရိုင်၊ မူဆယ်ခရိုင်ရှိ ဒေသများနှင့် ဆက်စပ်နေ ပါတယ်။
ကိုးကန့်ဒေသ တစ်ခုလုံးရဲ့ ပထဝီအနေထားမှာ မြောက်ဘက်ပိုင်းတွင် တောင်တန်းများ၊ လျှိုမြောင်များ၊ ချောင်းများပေါများပြီး မြေပြန့်ဟူ၍ မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့် ကိုးကန့်မြောက်ဘက်ဒေသများသည် တောင်ကုန်းတောင်တန်းများ၊ လျှိုများ၊ ချောင်းများပေါသဖြင့် ချောင်းများမှ ရေကိုသွယ်ယူကာ လှေကားထစ် လယ်ယာများ ဖော်ထုတ် စိုက်ပျိုးကြပါတယ်။
စပါး၊ ပြောင်း စသည့်သီးနှံတွေအပြင် အခြားစီးပွားဖြစ်သီးနှံပင်များဖြစ်တဲ့ သစ်တော်၊ သစ်ကြားသီး၊ ကြံ၊ လက်ဖက်များကိုလည်း အများအပြား စိုက်ပျိုး ကြပါတယ်။
ကိုးကန့်လူမျိုးများဟာ ကိုးကန့်စော်ဘွားကြီးများ အုပ်ချုပ်မှုနဲ့ လွတ်လပ်စွာ နေထိုင်ခဲ့ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး ပဒေသရာဇ်ခေတ်တုန်းက ရှမ်းပြည် စော်ဘွား (၃၃) ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်ရှင့်။
မြန်မာ့နိုင်ငံရေးသမိုင်း ခေတ်အဆက်ဆက်မှာ ကိုးကန့်လူမျိုးများဟာ ပြည်ထောင်စုကြီးအကျိုးအတွက် ပါဝင်လှုပ်ရှားခဲ့ကြတဲ့ လူမျိုးစုတစ်စု ဖြစ်ကြောင်းကိုလည်း သမိုင်းအထောက်များစွာမှာ ကြည့်ခြင်းအားဖြင့် သိရှိနိုင် ပါတယ်။
ယနေ့ကဲ့သို့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အချိန်မှာလည်း ကိုးကန့် တိုင်းရင်းသားများအတွက် ကိုယ်စားပြုအနေဖြင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီကို တည်ထောင်ပြီး မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းမှာ အင်အားတစ်ရပ်အနေနဲ့ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်မတို့ပါတီရဲ့ မူဝါဒတွေကို စတင်ပြီးမိတ်ဆက်ရမယ်ဆိုရင်တော့ အခြေခံအားဖြင့် မူဝါဒ(၅)ချက်ကို ချမှတ်ထားပါတယ်။
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ သစ္စာကို စောင့်သိရိုသေပါမည်။
(၂) ဒို့တာဝန်အရေး(၃)ပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို အစဉ် ဦးထိပ်ထားပါမည်။
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ထောင်ထားသည့် မည် သည့် ပါတီနှင့်မဆို နိုင်ငံတော် နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အပြန် အလှန် လေးစားသော ရင်းနှီး ချစ်ကြည်မှု တည်ဆောက်သွား ပါမည်။
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေအရ -
ကိုးကန့်တိုင်းရင်းသားများ၏ မွေးရာပါ ရရှိခံစားသင့်သည့် အခွင့်အရေး များကို အပြည့်အ၀ရရှိခံစားနိုင်ရေးအတွက် အစဉ်အားထုတ်ကြိုးပမ်း ကာကွယ်ထိန်းသိမ်းသွားမည့်အပြင် ကိုးကန့်တိုင်းရင်းသားတစ်ရပ်လုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တည်ဆဲဥပဒေများနှင့် အညီ ဆောင်ရွက်သွားပါမည်။
(၅) နိုင်ငံတော်၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန် ပါဝင် ဆောင်ရွက်သွားပါမည်။
လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ရှင့် .......
ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်မတို့ပါတီသည် ပြည်နယ်၊ ပြည်မမှ ပါတီညီအစ်ကိုများနှင့်လက်တွဲပြီး တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

 

kjfs