(၁၀)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား

ဗီယင်ကျန်း ၂၁  နိုဝင်ဘာ 


(၁၀)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့ Don Chan Palace ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sondy Douansdy က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အာဆီယံ လူမှုဝန်ထမ်း ဝန်ကြီးများအဆင့် အစည်းအဝေးကို ထိခိုက်လွယ်ကလေးသူငယ်များအပါအဝင် သက်ကြီးရွယ်အို များနှင့် မသန်စွမ်းသူများအတွက် လူမှုကာကွယ်စောက်ရှောက်ရေးအစီအစဉ်များ သေချာစေရေး လိုအပ်သော မူဘောင်များ၊ လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရေန် ဝန်ဆောင်မှုများကို မခွဲခြားဘဲ မျှမျှတတ အလွယ်တကူ လက်လှမ်းမီစေရန်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ထိရောက်ပြီး ရေရှည်တည်တံ့စေရန်အတွက် ဆွေးနွေးကြမည်ဖြစ်ပြီး အထူးသဖြင့် အဆိုပါလုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် မိတ်ဖက်နိုင်ငံများ၏အကူအညီ ရယူနိုင်မည့်အစီအစဉ်များ ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် (၁၀)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ဆက်လက်၍ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေး ပြောကြားရာတွင်      မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာ ချမှတ်ပြီး ကဏ္ဍ(၈)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုထိ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်း ကာကွယ်စောင့်ရှောက်ပေးခြင်းများကို မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း MSDP နှင့် ကိုက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်သည် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့်ဖြစ်ရာ ယခုနှစ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှကလေးသူငယ်(၁၀ဝ)ကျော်တို့၏ အသံကိုလူကြီးများကနားထောင်ခဲ့ကြပြီး ကလေးသူငယ်များ ပါဝင်ဆောင်ရွက်ခွင့်၏အရေးကြီးပုံကို ပြသခဲ့ကြကြောင်း၊ ယခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအသစ်ကိုပြဌာန်းနိုင်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များ၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သော မသန်စွမ်း သူများအတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCRPD နှင့် ကိုက်ညီ စေရန်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက်လူမှုရေးပင်စင်ကို အသက်(၈၅)နှစ်နှင့်အထက် ရှိသူများအား လစဉ် ငွေကြေးထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများကို မျိုးဆက်သစ်လူငယ်များက ပူးပေါင်းကူညီပံ့ပိုးမှုဖြင့်  သက်ကြီးရွယ်အိုများ၏ စွမ်းဆောင်မှုမြင့်မားအောင် ဆောင်ရွက်ပေး နေကြောင်း၊ အာဆီယံနိုင်ငံများက မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း အခြားအာဆီယံနိုင်ငံများနည်းတူ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါ   ကြောင်း၊ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KOICA)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)၊ တရုတ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအစည်းအဝေးတွင် အာဆီယံနိုင်ငံများအချင်းချင်း အတွ့အကြုံ ဖလှယ်ခြင်း၊ အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းကူညီမှုများ ပိုမိုဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေး ကြမည်ဖြစ်၍ အာဆီယံ၏ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဆီယံဒေသအတွင်းရှိ ထိခိုက်လွယ် အုပ်စုများအတွက် ဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံဒေသတွင်းနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)