၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် (၁၁)ဦးကော်မတီဝင် အမျိုးသားကျောင်းဆရာကြီး ပုသိမ်ဦးထွန်းဝင်း

ပန်းချီသန်းမြင့်ညိမ်း(ပုသိမ်)

 

အမျိုးသားကျောင်းအဖြစ် ဖွင့်လှစ်ထားရာ ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်ရင်ပြင်ရှိ တန်ဆောင်းတစ်ခုအတွင်း ကျောင်း ကော်မတီဝင်များ၊ အမျိုးသားကျောင်းဆရာများ၊ မြို့မိမြို့ဖများ စုဝေးရောက်ရှိနေကြသည်။ အားလုံးလိုလို၏ မျက်နှာများတွင် တစ်စုံတစ်ခုအတွက် စိတ်ထိခိုက်နေကြကြောင်း ပေါ်လွင်နေသည်။ အကြောင်းအရာကလည်း အမျိုးသားကျောင်းကိစ္စ၊ တစ်နည်းအားဖြင့်ဆိုလျှင် အမျိုးသားရေးကိစ္စဖြစ်သည်။

 

၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်ကို အခြေခံကာ ပေါ်ပေါက်လာသော အမျိုးသားကျောင်းများတွင် ပုသိမ်မြို့ အမျိုးသား ကျောင်းလည်း ပါဝင်ပါသည်။ မူလက အင်အားအလွန်ကောင်းခဲ့သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ကြသော မြို့သူမြို့သားများ ၏ ထောက်ပံ့မှု၊ ဦးစီးဦးဆောင်ပြုသူများ၏ စည်းရုံးဦးဆောင်ကောင်းမှု၊ ဆရာအဖြစ် သင်ကြားပေးကြသည့် စေတနာဆရာ များ၏ စေတနာထက်သန်မှုတို့ကြောင့် အလွန်အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် နှစ်နှစ်ခန့် ကြာလာသည့်အခါ ငွေကြေး အခက်အခဲရှိလာသည်။ အလှူရှင်များလည်း ရေရှည်တွင် တစ်စတစ်စနည်းပါးလာသည်။ ဆက်လက် ရပ်တည်ရန် အခက်အခဲရှိ လာသဖြင့် နယ်ချဲ့အစိုးရထံမှ အကူအညီယူရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ နယ်ချဲ့ထံမှ အကူအညီကို မယူလိုကြ သော်လည်း ကျောင်းသား ကျောင်းသူများ၏ ပညာရေး ဆက်လက်ရှင်သန်ဖို့က ပိုမိုအရေးကြီးကြောင်း သိရှိထားကြသည်။ အရှိန်ကောင်းလျက်ရှိသည့် အမျိုးသားပညာရေး ရပ်တန့်မသွားစေရေးအတွက် အထောက်အပံ့ခံကျောင်း (Aided School) အဖြစ်ခံယူရန် မလွှဲမရှောင်သာ ဆုံးဖြတ်လိုက်ကြရသည်။ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့သည်တော့ မဟုတ်ပါ။

 

လွန်စွာစိတ်ထိခိုက်

အမျိုးသားကျောင်းဆရာ ဦးထွန်းဝင်းသည် နယ်ချဲ့အထောက်အပံ့ခံ ကျောင်းအဖြစ် ခံယူရန် ဆုံးဖြတ်ခဲ့ရခြင်းကြောင့် လွန်စွာ စိတ်ထိခိုက်လျက်ရှိသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သည့် (၁၁) ဦးကော်မတီဝင် တစ်ဦးအနေဖြင့် စိတ်ထိခိုက်မည်ဆိုလျှင်လည်း ထိခိုက်လောက်ပါပေသည်။ ထိုစဉ်က ကိုထွန်းဝင်း အိုင်အေစီနီယာ တန်းတက်နေသည်။ အင်္ဂလိပ်ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် လက်ရှိပညာသင်ကြားနေသော ကောလိပ်ကျောင်းသား များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပေ။ အသစ်ဖွင့်လှစ်မည့် တက္ကသိုလ်နှင့်သာ သက်ဆိုင်သည်။ ကောလိပ်ကျောင်းသား များအနေဖြင့် ကျောင်းပြီးလျှင် ၎င်းတို့ လျှောက်လှမ်းရမည့်လမ်းမှာ ပန်းခင်းသောလမ်းပမာ သာယာဖြောင့်ဖြူးနေသည်။ အလိုက်သင့်လိုက်ပါရင်း ၎င်းတို့၏ အနာဂတ်မှာ ကျေနပ်စရာလှပနေပါသည်။

 

သို့သော် သူတို့တစ်တွေ ဤသို့မနေနိုင်ပါ။ မြန်မာ့ပညာရေးသည် မိမိတို့အရေးဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် မိမိတို့အနာဂတ်ဖြစ်သည်။ မြန်မာတိုင်းရင်းသားအားလုံး၏ အရေးသည် မိမိတို့အရေးဖြစ်သည်ဟု ခံယူထားကြသူများဖြစ်သဖြင့် နယ်ချဲ့၏ တက္ကသိုလ်အက်ဥပဒေကို ဦးဆောင်သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်ပါသည်။

 

နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်အဖြစ် စစ်ပွဲသုံးကြိမ်ဆင်နွှဲကာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နိုင်ငံတကာ အတွေ့အကြုံနုနယ်သော အဘက်ဘက်တွင် အားနည်းနေသည့်နိုင်ငံကို အလွယ်တကူ မဟုတ်သော်လည်း ကြီးကြီးမားမား အခက်အခဲမရှိဘဲ သိမ်းပိုက် နိုင်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးကို ဗြိတိသျှဘုရင်မကြီး ပိုင်နက်နယ်မြေအဖြစ် ကမ္ဘာသို့ ကြေညာလိုက်လေသည်။ မြန်မာတို့သည်လည်း ထီးကျိုးစည်ပေါက် ကျွန်သပေါက်ဘဝသို့ ရောက်ရှိခဲ့ကြလေတော့သည်။

 

နိုင်ငံကိုသိမ်းပိုက်စဉ်က အခက်အခဲကြီးကြီးမားမား (မတွေ့ခဲ့ရသော်လည်း မျိုးချစ်တိုင်းရင်းသားများ၏ တွန်းလှန်တိုက်ခိုက်မှုကို ၁၅ နှစ်မျှ နှိမ်နင်းခဲ့ရသည်။ လူသူအင်အား၊ လက်နက်အင်အားများစွာသုံး၍ နှိမ်နင်းခဲ့ရခြင်း ဖြစ်ပါသည်။ တိုင်းရင်းသားတို့မှာ အားမတန်၍သာ မာန်လျှော့ခဲ့ကြရသည်။ တိုင်းပြည်ငြိမ်ဝပ်မှုရှိလာသောအခါ (အင်္ဂလိပ်တို့သည် အုပ်ချုပ်ရေးကို ကိုင်တွယ်ရန် ပြင်ဆင်ကြသည်။ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန်အတွက် ငါးကြင်းဆီဖြင့် ငါးကြင်းကြော်သလို တိုင်းရင်းသားများအား ထိုက်သင့်သည့် ခေတ်ပညာသင်ပေးကာ ယန္တရားတွင် အသုံးချရန် ပြင်ဆင်သည်။ မြန်မာနိုင်ငံအနှံ့ လောကဓာတ်ကျောင်းများ ဖွင့်ပေးသည်။ အင်္ဂလိပ်စာ သင်ပေးသည်။  ပညာကို သိပ်ပြီးထူးထူးချွန်ချွန်ဖြစ်ရန် မရည်ရွယ်ဘဲ ၎င်းတို့အား အထင်ကြီး လေးစားရန်နှင့် ကျွန်ကောင်းကလေးများ ပေါ်ထွက်လာရန်သာ ရည်ရွယ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ကာလကတ္တား တက္ကသိုလ်မှ စစ်မေးသော မက်ထရစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရသည်။ ၁၈၇၇ ခုနှစ်တွင် ရန်ကုန်အထက်တန်းကျောင်းမှ မက်ထရစ်စာမေးပွဲ အောင်မြင်သူ နှစ်ဦးသာ ပေါ်ထွက်ခဲ့သည်။

 

ဝိုင်းဝန်းကန့်ကွက်

အင်္ဂလိပ်တို့သည် ၁၈၇၉ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ၁၈၉၄ ခုနှစ်တွင် ယုဒဿန်ကောလိပ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးခဲ့ သည်။ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံဖြစ်ပြီး ကာလကတ္တားတက္ကသိုလ်ကစစ်သော စာမေးပွဲကို ဖြေဆိုရသည်။ ၁၈၈၃ ခုနှစ်တွင် ရန်ကုန်ကောလိပ်၌ ဘီအေတန်း ဖွင့်လှစ်ပေးခဲ့သည်။ ကာလကတ္တားတက္ကသိုလ်၏ ဘီအေစာမေးပွဲကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအောင်မြင်သူမှာ မောင်တူ ဖြစ်သည်။ [၁၉၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ် မရှိသေးပေ။ ပြည်သူတစ်ရပ်လုံးက ရန်ကုန်မြို့တွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန် အထပ်ထပ်တောင်းဆိုခဲ့ကြသည်။ ဘုရင်ခံ သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အင်္ဂလိပ်လူမျိုး ပညာမင်းကြီး မက်ဟန့်တားကို ဥက္ကဋ္ဌထား၍ အဖွဲ့ဝင် ၃၀ ခန့်ပါဝင်သော တက္ကသိုလ်ဥပဒေပြုကောင်စီကို ဖွဲ့စည်းပေးကာ ဥပဒေရေးဆွဲစေသည်။ ၎င်းကောင်စီတွင် မြန်မာခြောက်ဦးသာ ပါဝင်သည်။ မြန်မာတိုင်းရင်းသား တစ်ရပ်လုံး၏ အနာဂတ်ဖြစ်သဖြင့် မြန်မာအများဆုံးပါဝင်သော၊ တိုင်းရင်းသားပြည်သူများက ရွေးကောက် တင်မြှောက်သော ဥပဒေပြုအမတ်များနှင့်သာ ရေးဆွဲရန်၊ ဥပဒေပြုလွှတ်တော် ဖွဲ့စည်းပြီးသည်အထိ ဆိုင်းငံ့ထားရန် ဝိုင်းဝန်းကန့်ကွက်ကြသည်။

 

၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ လူထုအစည်းအဝေးခေါ်ယူပြီး တက္ကသိုလ်ဥပဒေပြု ကောင်စီကို ဆိုင်းငံ့ထားရန် ကန့်ကွက်ကြသည်။ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သော ဥပဒေပြု လွှတ်တော်ဖွဲ့စည်း ပြီးသည်အထိ ဆိုင်းငံ့ထားရန်အဆိုကို ပုသိမ်မြို့မှ ဆရာတော် ဦးဝေပုလ္လက ဦးဆောင်တင်သွင်းသည်။ အစည်းအဝေး ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံရှိ ဒုတိယဘုရင်ခံ၊ ပညာရေးဝန်ကြီးချုပ်နှင့် အိန္ဒိယရှိ ဗြိတိသျှအစိုးရထံ ပေးပို့ကန့်ကွက် ကြသည်။ တက္ကသိုလ်ဥပဒေပြု ကောင်စီကရေးဆွဲတင်ပြသော ဥပဒေကြမ်းသည် မြန်မာအများစုနှင့် ကိုက်ညီမှုမရှိဘဲ မြန်မာနိုင်ငံသား အများစုအနေဖြင့် တက္ကသိုလ်ပညာသင်ယူခွင့်မရအောင် ကြံစည်ရေးဆွဲထားသော ဥပဒေကြမ်းဖြစ်သဖြင့် မြန်မာနိုင်ငံသားများက ဝိုင်းဝန်းကန့်ကွက်ကြခြင်းဖြစ်သည်။ သို့သော် အင်္ဂလိပ်အစိုးရသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒကို အလေးမထားဘဲ ဥပဒေကြမ်းကို အတည်ပြုလိုက်သည့်အပြင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ယူနီဗာစီတီ အက်ဥပဒေနှင့်အညီ တက္ကသိုလ်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

 

စတင်မျိုးစေ့ချပေးလိုက်သော လုပ်ဆောင်မှုဖြစ်

ထိုအခါ ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦးသည် ဥပဒေကို ရသည့်နည်းဖြင့် ဆန့်ကျင်ရန် ဆုံးဖြတ်ကြပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ကြီး၏ရင်ပြင် စနေထောင့်၌ လျှို့ဝှက်ဆွေးနွေး အစီအစဉ် ရေးဆွဲကြသည်။ နှစ်နာရီခန့် အပြန်ပြန်အလှန်လှန် ဆွေးနွေးကြပြီး ဒီဇင်ဘာလ၇ ရက်နေ့တွင် သပိတ်မှောက်ရန် ဆုံးဖြတ်ကြ သည်။ ကတိသစ္စာပြုချက်ကို အင်္ဂလိပ်လို ရေးသားကြပြီး ဝိုင်းဝန်းလက်မှတ်ရေးထိုးကြသည်။ ဤကျောင်းသားကြီးများ၏ သတ္တိရှိရှိ ဆောင်ရွက်မှုသည် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်မျိုးစေ့ချပေးလိုက်သော လုပ်ဆောင်မှုဖြစ်သည်ဟု ဆိုချင်သည်။ ထိုကျောင်းသားကြီး ၁၁ ဦးမှာ-

(၁) ကိုဘဦး (ဘီအေအထက်တန်း) (နောင် အရေးပိုင် သံတွဲ)

(၂) ကိုဖိုးကွန်း (ဘီအက်စ်စီအထက်တန်း)(နောင် သခင်ဗိုလ်ဖိုးကွန်း)

(၃) ကိုဘရှင် (ဘီအက်စ်စီအထက်တန်း)(နောင် အင်ဂျင်နီယာ)

(၄) ကိုဘရှင် (အိုင်အေအထက်တန်း)(နောင် မသိရ)

(၅) ကိုထွန်းဝင်း (အိုင်အေအထက်တန်း)(ပုသိမ်မြို့ ငါးအောက်ချောင်းသား) (နောင် အမျိုးသားကျောင်းဆရာ အလွတ်ပညာ သင်ဆရာ)

(၆) ကိုဖေသိန်း (အိုင်အေအထက်တန်း)(နောင် မသိရ)

(၇) ကိုညီပိတ် (ဘီအက်စ်စီအထက်တန်း)(နောင် စက်ရှင်တရားသူကြီး)

(၈) ကိုအေး (ဘီအေအထက်တန်း)(နောင် ယစ်မျိုးမင်းကြီး)

(၉) ကိုလှတင် (ဘီအေ အထက်တန်း) (နောင် လွှတ်တော်ရှေ့နေ)

(၁၀) ကိုအောင်ဒင် (အိုင်အေအထက်တန်း)(နောင် မသိရ)

(၁၁) ကိုဘခင် (အိုင်အေအထက်တန်း)(နောင် မသိရ)

မှတ်ချက်- (ကျောင်းသားကြီး ၁၁ ဦး တိုင်ပင်ဆွေးနွေးရာနေရာတွင် နိုင်ငံတော်က အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားပါသည်)။

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၇ ရက်နေ့တွင် သပိတ်မှောက်ရန် ဆုံးဖြတ်ထားသော်လည်း အင်္ဂလိပ်အစိုးရက သိရှိသွားသဖြင့် ၇ ရက်နေ့အထိ မစောင့်တော့ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်၊ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် သပိတ်တိုက်ပွဲ စတင်ဆင်နွှဲလိုက်တော့သည်။ ပြည်သူလူထု တစ်ခဲနက်ပါဝင်သော အစည်းအဝေးတစ်ရပ်ကို G.C.B.A က ဦးဆောင်ကာ ၂၉-၁၂-၁၉၂၀ ရက်နေ့တွင် ကျင်းပသည်။ ထိုအစည်းအဝေးကပင် ဦးမောင်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၂၀ ပါဝင်သည့် အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အမျိုးသားကျောင်းများ ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး အမျိုးသားကျောင်းပေါင်း ၁၅၀ ခန့် ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသားကောလိပ်ကို ၁၉၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ဗဟန်းရွှေကျင် ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့ကြပါသည်။

 

အမျိုးသားကျောင်းကို စတင်ဖွင့်လှစ်

ကိုထွန်းဝင်းက ပုသိမ်သို့ပြန်ကာ မြို့မိမြို့ဖများ။ ကုန်သည်ကြီးများ၊ ဈေးသူဈေးသားများ၊ အမျိုးသားရေး စိတ်ဓာတ် ထက်သန်သူများနှင့် တိုင်ပင်ဆွေးနွေးကာ ပုသိမ်ရွှေမုဋ္ဌော စေတီတော်ရင်ပြင်ရှိ ဇရပ်၊ တန်ဆောင်းများတွင် အမျိုးသားကျောင်း ကို စတင်ဖွင့်လှစ်ခဲ့သည်။ အရှိန်အဟုန်ကောင်းခဲ့သည်။ နှစ်နှစ်ခန့် ကြာလာသည့်အခါ ရန်ပုံငွေနည်းလာသဖြင့် ဆက်လက် ရပ်တည်ရန် အခက်အခဲရှိလာ၍ အစိုးရအထောက်အပံ့ခံ (Aided National High School)အဖြစ် ခံယူရန်အတွက် စည်းဝေး တိုင်ပင်ခဲ့ကြခြင်း ဖြစ်ပါသည်။

 

ဆရာဦးထွန်းဝင်းသည် မူလကပင် အင်္ဂလိပ်အစိုးရ၏ အမှုထမ်းမလုပ်လိုသဖြင့် အမျိုးသားကျောင်းဆရာ လုပ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်ထံမှ အထောက်အပံ့ကိုလည်း မယူလို၊ အင်္ဂလိပ်အစိုးရ၏ အမှုထမ်းဘဝကိုလည်း မခံယူလိုသဖြင့် မိမိအစီအစဉ်ဖြင့် သီးခြားရပ်တည်ခွင့်ပြုပါရန် တင်ပြပြီး စိတ်သဘောတူညီသူအချို့နှင့် ပူးပေါင်းကာ သီးခြားအမျိုးသားကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ မိမိ၏ လက်ဝတ်လက်စားများကိုပင် ရောင်းချကာ ကျောင်းရန်ပုံငွေ ဖြည့်ဆည်းပေးခဲ့သည်။ သို့သော် ကြာရှည် ရပ်တည်ရန် ခက်ခဲသဖြင့် နောက်ဆုံးတွင် ကျောင်းပိတ်လိုက်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ အမျိုးသားကျောင်း အဖြစ် မဖွင့်လှစ်နိုင်တော့သော်လည်း ဦးထွန်းဝင်းက တစ်နိုင်တစ်ပိုင် ဆက်လက်သင်ကြားပေးခဲ့သည်။

 

ဦးထွန်းဝင်းကို ဦးအောင်သူ၊ ဒေါ်ထွေးတို့က ၁၈၉၅ ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်းအနေဖြင့် အစ်မဖြစ်သူ ဒေါ်မယ်ရင်တစ်ဦးသာ ရှိသည်။ ဦးထွန်းဝင်းကို မွေးဖွားရာ ပုသိမ်မြို့ ငါးအောက်ချောင်းရပ်တွင် အိမ်ကြီးရခိုင်နှင့် နေထိုင်ပြီး မိဘများမှာ သားကို ကောလိပ်ကျောင်းပို့နိုင်သည်အထိ အတန်အသင့်ကြွယ်ဝသူများ ဖြစ်ကြသည်။

 

ဦးထွန်းဝင်းသည် (၁၉၁၆-၁၉၁၇)တွင် ပုသိမ်မြို့ အစိုးရအထက်တန်းကျောင်း (ထိုစဉ်က ရွှေမုဋ္ဌောဘုရား အရှေ့မုခ်ရှိ သစ်သားနှစ်ထပ် အဆောက်အဦ)မှ ၁၀ တန်း အောင်မြင်သည်။ ယခု (အလက-၁) နေရာဖြစ်သည်။ စစ်အတွင်းက မီးလောင် ပျက်စီးသွားသည်။ ရန်ကုန်ကောလိပ်သို့ တက်ရောက်ပညာသင်ကြားနေစဉ်အတွင်း အိုင်အေအထက်တန်းတွင် ပထမ ကျောင်းသားသပိတ် ဦးဆောင်သူ ၁၁ ဦးတွင် ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

 

ဦးထွန်းဝင်းသည် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သည့်အပြင် ကျွန်ပညာရေးစနစ်ကိုလည်း ခါးခါးသီးသီး နာကြည်းသဖြင့် တက္ကသိုလ်ပညာရေးကို ရာသက်ပန် သပိတ်မှောက်ခဲ့သည်။

 

နောင်တွင် မိဘများလည်း ကွယ်လွန်၊ အစ်မဖြစ်သူမှာလည်း ကွယ်လွန်သဖြင့် ငါးအောက်ချောင်းမှ စဉ့်အိုးဘိုရပ်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ကလေးများကို အင်္ဂလိပ်စာ သင်ပေးသည်။ အိမ်ထောင်လည်းမပြု၊ တစ်သက်လုံး လူပျိုကြီး ဘဝဖြင့် နေထိုင်သွားခဲ့သည်။

 

၁၉၅၂ မှ ၁၉၅၆ ခုနှစ် အထိ ပုသိမ်စည်ပင်သာယာကော်မတီဝင်အဖြစ် လည်းကောင်း၊ ၁၉၅၆ မှ ၁၉၆၀ ခုနှစ် အထိ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးဦးထွန်းဝင်းသည် ၁၉၇၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ အသက် ၇၈ နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

 

ရာပြည့်အမီ ခံ့ညားထည်ဝါစွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသားကျောင်းသားဟောင်းများ၊ မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ပူးပေါင်းကာ ကန်သာယာကို နောက်ခံပြုလျက် ပုသိမ်မြို့အဝင်လမ်းမကြီးပေါ်တွင် ဆရာကြီး၏ အထိမ်းအမှတ် ကျောက်တိုင်နှင့် အထိမ်းအမှတ်ပန်းခြံကို ၂၀၂၀ ပြည့်နှစ် အမျိုးသားပညာရေး ရာပြည့်အမီ ခံ့ညားထည်ဝါစွာ ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရွေးချယ်ထားသောနေရာမှာ ပုသိမ်မြစ်ကူးတံတား အမှတ်(၂)သို့ သွားရာ လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် မြန်မာပြည်အရပ်ရပ်မှ လာရောက်သူများ၊ နိုင်ငံခြားဧည့်သည်များ အလွယ်တကူတွေ့နိုင်၊ ဝင်ရောက်ဂါရဝပြုနိုင်သော နေရာလည်းဖြစ်ပါသည်။ ပြီးစီးမည့် အခြေအနေကို ဧရာဝတီတိုင်းဒေသကြီးသား တစ်ဦးအနေဖြင့် ပုသိမ်မြို့သား တစ်ဦးအနေဖြင့်ပါ အတွေးနှင့် ကြည်နူးရင်း ကြိုတင်ဂုဏ်ပြုလိုက်ရပါသည်။    ။