၂၀၁၀ ခုနှစ်တွင် မန်ယူမှ ထွက်ခွာကာ  ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ကြောင်း  ရွန်းနီ ဖွင့်ဟ

၂၄ နိုဝင်ဘာ

 

 

မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီက ၂၀၁၀ ခုနှစ်မှာ သူ့အနေနဲ့  ဘာစီလိုနာကို ပြောင်းဖို့  အတော်လေး နီးစပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

 

 

 ရွန်းနီက မန်ယူတိုက်စစ်ကနေ  စီရိုနယ်လ်ဒိုနဲ့ တေဗက်ဇ်တို့ အသီးသီး ထွက်ခွာသွားပြီးတဲ့နောက်  သူလည်း အသင်းပြောင်းဖို့ စဉ်းစားခဲ့မိကြောင်းနဲ့ သူ့ကို အလိုရှိခဲ့ကြတဲ့ ချယ်လ်ဆီး၊  မန်စီးတီး၊  ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့အနက်  မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့  ရှိနေတဲ့ ဘာကာကို   ရွေးချယ်လိုခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

 

 

ရွန်းနီက “ကျွန်တော် ဘာစီလိုနာအကြောင်း စဉ်းစားမိတာ တစ်ရက်လုံးပါပဲ။ ဘာကာမှာ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာနဲ့ ဘက်စကွက်ဇ်တို့လို ကစားသမားတွေ ရှိနေတယ်။ အဲဒီအချိန်တုန်းက မက်ဆီက  ခုကစားနေတဲ့ ဥပမာ ဗဟိုတိုက်စစ်နေရာမှာ မကစားရသေးဘူး။ သူက ပိုပြီး လွတ်လွတ်လပ်လပ် ကစားနေတဲ့ နေရာမှာ ကစားရတာပါ။ ဒီတော့ ကျွန်တော့်အနောက်မှာ ဖန်တီးပေးမယ့် ကစားတွေ အများကြီးရှိနေပြီး ကျွန်တော်က ရလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းမယ်ပေါ့။ ဒါမျိုး ကျွန်တော် စဉ်းစားခဲ့ဖူးပါတယ်” လို့ မန်ယူအသင်းဝက်ဆိုက်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

 

 

ရွန်းနီက နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ပြောင်းသွားခဲ့ပြီး မန်ယူအသင်းမှာပဲ ဆက်နေဖို့ ငါးနှစ်စာချုပ် ထပ်မံ ချုပ်ဆိုခဲ့ကြောင်း ဆိုခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် အသင်းဟောင်း အဲဗာတန်အသင်းဆီ    မပြောင်းရွှေ့မီအထိ မန်ယူအသင်းမှာ  ၁၃ ရာသီကြာ ကစားခဲ့ပြီး မန်ယူအသင်းရဲ့ ထာဝရဂိုးသွင်း အများဆုံး ကစားသမားအဖြစ် မှတ်တမ်းရယူထားခဲ့သူဖြစ်ပါတယ်။ သို့ပေမယ့်  မန်ယူဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ရွေးချယ်ပေးခဲ့တဲ့ ထာဝရ အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်းမှာတော့ ရွန်းနီ ပါဝင်ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။

 

မေလဲ့သင်း