၂၀၁၉ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဆဋ္ဌမပွဲစဉ်) စတင်ကျင်းပ

၂၁ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ  ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က စီစဉ်၍ အင်းဝဘဏ်လီမိတက်မှ အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဆဋ္ဌမပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် ရှေးဦးစွာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ်  ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ဦးသန့်ဆွေ၊ ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။  ယခုပြိုင်ပွဲတွင် ပညာရှင်အဆင့် ၃၆ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသား) ၁၁၅ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသမီး)၁၂ ဦး စုစုပေါင်း အားကစားသမား ၁၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

 

အဆိုပါပြိုင်ပွဲအတွက် ဝါသနာရှင်အဆင့် (အမျိုးသား၊ အမျိုးသမီး) လက်ရည်စစ်ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တွင် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး ဝါသနာရှင်အဆင့် (အမျိုးသား) များအတွက်၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ကျင်းပပြီးစီးခဲ့သည့် ပွဲစဉ် ၅ ပွဲတွင် အမှတ်ပေးဇယားများအရ အဆင့် ၁ မှ ၂၅ အတွင်း၊ ဝါသနာရှင်အဆင့် (အမျိုးသမီး)များအတွက် အဆင့် ၁ မှ ၆ အတွင်း၊ ၂၀၁၈ ခုနှစ် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်(အမျိုးသား)အတွက် အဆင့် ၁ မှ ၃၀ အတွင်း၊ ဝါသနာရှင်အဆင့် (အမျိုးသမီး)အတွက် အဆင့် ၁ မှ ၁၀ အတွင်းရရှိခဲ့သူများသည်  လက်ရည်စစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုဘဲ  ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ယခုပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား) (H’cap 0-12) ဝါသနာရှင်အဆင့် (အမျိုးသမီး)    (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး  ပြိုင်ပွဲကို စိန့်အင်ဒရူး  ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပလျက်ရှိသည်။

 

၂၀၁၉ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက် ပြိုင်ပွဲများကို မြန်မာ့ဇွဲမာန်ကုမ္ပဏီလီမိတက်၊ မြဝတီဘဏ်လီမိတက်၊ တယ်လီကွန်းအင်တာနေရှင်နယ် (မြန်မာ) ကုမ္ပဏီလီမိတက် (မိုင်တဲ)၊ စေပိုင်ဖွံ့ဖြိုးမှုလီမိတက်၊ ဖြိုးစည်သူကျွန်းအထူးစိုက်ခင်း၊ ပဲခူးရိုးမ အပန်းဖြေဥယျာဉ် (မြန်မာ)နှင့် ယခုနောက်ဆုံးပွဲစဉ်အား အင်းဝဘဏ်လီမိတက်တို့က အဓိကကူညီပံ့ပိုးပေးထားသည်။  ယခုပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ  လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်