၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို ၂၀၁၉ ဇွန်လမှစတင်၍ ဆောင်ရွက်လျက်ရှိ၊ အမှန်တကယ် နေထိုင်လျက်ရှိသော လူဦးရေစာရင်းမကြာမီ ကောက်ယူပြုစုမည်

ရန်ကုန်  ၂၄   ဇွန် 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီ(၁၅)ဖွဲ့မှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်း (၁၄)ဖွဲ့မှ ကိုယ်စားလှယ်များ၊ International Foundation for Electoral System (IFES) မှ Mr. Paul Gueri Obe၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲ အရာရှိများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ဆောင်ရွက်ကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူဆောင်ရွက်ရေးနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းရရှိရေး၊ လူဦးရေစာရင်းပြုစုခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။ 

 

ယင်းနောက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းလင်းဖြေကြားသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်း ပြုစုရေးအတွက် ပထမအဆင့်အနေဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုများအတွင်း အမှန်တကယ်နေထိုင်လျက်ရှိသော လူဦးရေစာရင်း ကောက်ယူပြုစုခြင်းလုပ်ငန်းအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက မကြာမီကောက်ယူပြုစုသွား မည်ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

e DSC_02