၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၄ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ (၇၄) ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကိုရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များအရ အရေးကြီးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးကို အလေးထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီးပြီးဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့် အခြေခံမဲဆန္ဒရှင်စာရင်းများကို Up to date ဖြစ်စေရေး သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က စိစစ်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်က အခြေခံမဲဆန္ဒရှင် စာရင်းပြုစုပြီးနောက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်း သွားရောက်ကြည့်ရှုပြီး ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း၊ တောင်းဆိုခြင်းများကို သတ်မှတ်ပုံစံများနှင့် အညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မဲပေးပိုင်ခွင့်မှာအသက် (၁၈)နှစ်ပြည့်ပြီးနိုင်ငံသား ဖြစ်ပါကမဲပေးခွင့် ရှိပါကြောင်း။

 

ထို့ပြင် မဲပေးနိုင်ရန်မှာ မဲစာရင်းတွင် မိမိအမည်ပါမှ ရွေးကောက်ပွဲတွင် မဲပေးလို့ရမည်ဆိုတာကို မဲဆန္ဒရှင်ပြည်သူများ အသိပေးလိုပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မိမိတို့၏မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်များကို သွားရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြရမည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ကျင်းပပေးလျက်ရှိပြီး သက်ဆိုင်ရာ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပို့ချနိုင်ရေးအတွက်လည်း စီစဉ်ထားရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲတွင် သတင်းရယူရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊  ဆိုရှယ်မီဒီယာပေါ်တွင် အမုန်းစကားများနှင့်တို က်ခိုက်ခြင်းနှင့် သတင်းအမှားများဖြန့်ဝေခြင်းတို့ မရှိစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့နှင့် လည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်သည့်အပြင် ပါတီများအားလုံးဆန္ဒတူ ညှိနှိုင်းရေးဆွဲခဲ့သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC)နှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေများနှင့် ကိုက်ညီသည့် နည်းဥပဒေများပြင်ဆင်ရာတွင် ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအပေါ် သုံးသပ်၍ အငြင်းပွားမှုများ လျော့နည်းပပျောက်ရေး၊ တရားမျှတမှု ရှိစေရေး၊ လုပ်ငန်းစဉ်များ တိကျပြတ်သားစွာ ဆောင်ရွက်နိုင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးပြည့်ဝစွာ ရရှိရေးတို့ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် (၁)နှစ်ခန့်သာလိုတော့သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့်တည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့် အညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ပြင်ဆင်ထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များနှင့် မေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်