၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၃၈ ) မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁)

မောင်စာဂ
 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စံလုပ်ငန်း လမ်းညွှန် အပိုင်း (၁) ကို ထုတ်ပြန်ထားသည်။ ယင်း ထုတ် ပြန်ချက်အရ လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာ များ၊ အဆောက်အအုံများ၌ မဲဆွယ်စည်းရုံးခြင်း၊ အင်တာနက်မှတစ်ဆင့် Live Stream ဖြင့် မဲဆွယ်စည်းရုံး ခြင်းနှင့် အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်းဟူ၍ စည်းရုံးခြင်း ၅ မျိုးကို ဖော်ပြထားပြီး လိုက်နာရန်အချက် များကိုလည်း စံလုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ်ထား ပါသည်။ အနှစ်ချုပ်မျှဝေပါရစေ။


လှည့်လည်မဲဆွယ်စည်းရုံးခြင်း
လူ (၄)ဦးထက်ပို၍ စီးနင်းနိုင်သော မော်တော်ယာဉ် (လူ ၂၅ ဦးဆံ့/၄၅ ဦးဆံ့ ဘတ်စ်ကား၊ မီနီဘတ်စ်၊ လိုက် ထရပ်စသည်…)တို့တွင် ယာဉ်အမျိုးအစားအလိုက် အများ ဆုံး တင်ဆောင်နိုင်သည့် လူဦးရေ၏ ထက်ဝက်သာ Social Distancing မူများနှင့်အညီ လိုက်ပါစီးနင်းရမည်။
ကိုယ်စားလှယ်လောင်းများသည် ပါးစပ်နှင့် နှာခေါင်း စည်း (Mask)နှင့် မျက်နှာအကာ (Face Shield)ကို အမြဲတမ်း တပ်ဆင်ထားရမည်။ လိုက်ပါသူများသည် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အမြဲတမ်းတပ်ဆင်အသုံးပြု ရမည်။ အယ်လ်ကိုဟောအနည်းဆုံး (၆၀)ရာခိုင်နှုန်း ပါဝင် သည့် ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer)ဖြင့် မကြာခဏ လက်သန့်စင်ခြင်းကို ပြုလုပ်ရမည်။
စည်းရုံးရေးလိုက်ပါမည့်သူများအား Non-contact thermometer ဖြင့် ကိုယ်အပူချိန်တိုင်း၍ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၁၀၀ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်တက်မှု ရှိ/မရှိ၊ လွန်ခဲ့သော (၁၄)ရက်အတွင်းက ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားရာဇဝင် ရှိ/မရှိနှင့် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိ/မရှိ မေးမြန်စစ်ဆေးပြီးမှ လိုက်ပါခွင့်ပြု ရမည်။ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ရမည်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် COVID-19 ရောဂါ သံသယ လက္ခဏာရှိသူများအား မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် လုံးဝလိုက်ပါခြင်းမပြုရပါ။ လူစုလူဝေးမဖြစ်စေရေးကို အဓိကဦးတည်ဆောင်ရွက်ပေးရမည်။ လူတစ်ဦးနှင့် တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာလျက် ဆောင်ရွက်ရမည်။ ရပ်နား၍ နောက်တစ်ကြိမ် (သို့မဟုတ်) နောက်တစ်နေရာ၌ဟောပြောလျှင် နေရာအကျယ်အဝန်း ပေါ်မူတည်၍ လူ ၅၀ ဦးထက်မပိုဘဲ ဆောင်ရွက်ရမည်။
ပြည်သူလူထုနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း လုံးဝမပြုရပါ။ ဟောပြောခြင်း၊ မိန့်ခွန်းပြောခြင်း၊ သီချင်း ဖြင့် ဖျော်ဖြေခြင်းတို့အတွက် ယာဉ်ပေါ်တွင် တပ်ဆင်ထား သော စကားပြောစက်ကို အသုံးပြုရမည်။ တတ်နိုင်သမျှ လူတစ်ဦးချင်းစီအတွက် သီးသန့်စကားပြောကိရိယာ (Microphone)အသုံးပြုရမည်။ အသုံးပြုပြီးပစ္စည်းများ၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရမည်။
လိုက်ပါမည့်သူများအနက် မဲဆွယ်စည်းရုံးမည့်ကာလတစ်လျှောက်လုံး၌ တစ်ဦးဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း စသည့် COVID-19 ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာ ပါက အနီးဆုံး ကျန်းမာရေးဌာနသို့ သွားရောက်ပြသရမည်။
ပြင်ပနေရာများ၊ အဆောက်အအုံများ၌ မဲဆွယ်စည်းရုံးခြင်း
စည်းရုံးရေးလိုက်ပါမည့်သူများအား Non-contact thermometer ဖြင့် ကိုယ်အပူချိန်တိုင်း၍ ၃၈ ဒီဂရီ စင်တီဂရိတ် (သို့မဟုတ်) ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက် ထက်မြင့်တက်မှု ရှိ/မရှိ၊ လွန်ခဲ့သော (၁၄)ရက်အတွင်းက ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားရာဇဝင် ရှိ/မရှိနှင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိ/မရှိ မေးမြန်းစစ်ဆေးပြီး မရှိမှ လိုက်ပါခွင့်ပြုရမည်။
မဲဆွယ်စည်းရုံးခြင်းအား တတ်နိုင်သမျှ အလုံပိတ်/တံခါးများပိတ်ထားသော အခန်းများအတွင်း ဆောင်ရွက် ခြင်းမပြုဘဲ တံခါးများဖွင့်၍လည်းကောင်း၊ လေဝင် လေထွက်ကောင်းသော နေရာများတွင်လည်းကောင်း၊ ကွင်းပြင်များတွင် လည်းကောင်း၊ လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာလျက် ဆောင် ရွက်ရမည်။ အခြေခံအားဖြင့် လူတစ်ဦးလျှင် (၃၆)စတုရန်း ပေနှုန်းဖြင့် နေရာစီမံဆောင်ရွက်ရမည်။ နေရာအကျယ် အဝန်းပေါ်မူတည်၍ တစ်ကြိမ်လျှင် အများဆုံး လူ(၅၀)ဦးထက်မပိုဘဲ ဆောင်ရွက်ရမည်။
တက်ရောက်လာသူများအားလုံး ပါးစပ်နှင့်နှာခေါင်း စည်း (Mask) မဖြစ်မနေ အမြဲတမ်းတပ်ဆင်ရမည်။ အယ်လ်ကိုဟော အနည်းဆုံး (၆၀)ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်ဆေးရည်များ ထားရှိရမည် သို့မဟုတ် ဖြစ်နိုင်ပါက လက်ဆေးရန်အတွက် ရေ၊ ဆပ်ပြာတို့ကို အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀) ဆေးကြောနိုင်ရေး အသင့်ပြင်ဆင်ထားရှိရန်နှင့် အမှိုက်များ စွန့်ပစ်ရန်အတွက် အဖုံးပါသော အမှိုက်ပုံးထားရှိပြီး စနစ်တကျစွန့်ပစ်ရမည်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် COVID-19 ရောဂါ သံသယ လက္ခဏာရှိသူများအား စည်းရုံးရေးလုပ်ငန်းများတွင် လုံးဝလိုက်ပါစေခြင်း မပြုရပါ။ မဲဆွယ်စည်းရုံးရာတွင် လူတစ်ဦးချင်းစီအတွက် သီးသန့်မိုက်ခရိုဖုန်းအား အသုံးပြုရမည်။ ပြည်သူလူထုနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းမပြုရပါ။
အင်တာနက်မှတစ်ဆင့် Live Stream ဖြင့် မဲဆွယ်စည်းရုံးခြင်း
Live Stream အား နားထောင်မည့်နေရာများတွင် Social Distancing မူအား တိကျစွာလိုက်နာ၍ လူတစ်ဦး နှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာ လျက်ဆောင်ရွက်ရမည်။ လူတစ်ဦးလျှင် (၃၆)စတုရန်း ပေနှုန်းဖြင့် နေရာစီမံဆောင်ရွက်ရမည်။ နေရာအကျယ် အဝန်းပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ(၅၀)ဦးထက်မပိုဘဲ ဆောင်ရွက်ရမည်။
လာရောက်မည့်သူများအား Non-contact thermometer ဖြင့် ကိုယ်အပူချိန်တိုင်း၍ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၁၀၀ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်တက်မှု ရှိ/မရှိ၊ လွန်ခဲ့သော (၁၄)ရက်အတွင်းက ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားရာဇဝင် ရှိ/မရှိနှင့် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ နှင့် ထိတွေ့မှု ရှိ/မရှိ မေးမြန်စစ်ဆေးပြီး မရှိမှ တက်ရောက် ခွင့်ပြုရမည်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်းစသည့် COVID-19 ရောဂါ သံသယလက္ခဏာရှိသူများ လုံးဝမလာရပါ။
Live Stream ပြုလုပ်မည့်နေရာအား လေဝင်လေထွက် ကောင်းမွန်စေရေး တံခါးများဖွင့်၍ စီစဉ်ထားရှိရမည်။ အလုံပိတ်အခန်းများတွင် မပြုလုပ်ရပါ။ လာရောက်သူ များအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် မျက်နှာ အကာ (Face Shield) မဖြစ်နေ တပ်ဆင်ဆောင်ရွက်ရမည်။ လာရောက်သူများအားလုံး အသုံးပြုနိုင်ရေးအတွက် အယ်လ်ကိုဟော အနည်းဆုံး (၆၀) ရာခိုင်နှုန်း ပါဝင်သော ရေမလိုလက်သန့်ဆေးရည်များ ထားရှိရမည် သို့မဟုတ် လက်ဆေးရန်အတွက် ရေ၊ ဆပ်ပြာနှင့် လက်ဆေးရေကန် တို့ကို ပြင်ဆင်ထားရှိရမည်။
နေရာအလိုက် တက်ရောက်သူများ စာရင်းပြုစုထားပြီး တစ်ဦးဦးတွင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့ အရသာပျောက်ဆုံးခြင်းစသည့် COVID-19 ရောဂါ သံသယလက္ခဏာများ ဖြစ်ပွားပါက သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သတင်းပို့ရမည်။
အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်း
အိမ်တိုင်ရာရောက် (Door to Door)မဲဆွယ်စည်းရုံးရေး ဆင်းသော အဖွဲ့များတွင် လူဦးရေ (၁၅)ဦးထက်မပိုရပါ။ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)များ တပ်ဆင်၍ အယ်လ်ကိုဟော အနည်းဆုံး (၆၀) ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) အသုံးပြုရမည်။ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် COVID-19 ရောဂါ သံသယလက္ခဏာရှိပါက လုံးဝ ပါဝင် ခွင့် မပြုရပါ။
မဲဆွယ်စည်းရုံးမည့်အိမ်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် COVID-19ရောဂါ သံသယလက္ခဏာများ ခံစားနေရသူ (သို့မဟုတ်) COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (သို့မဟုတ်) နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိသူ ရှိပါက အဆိုပါနေအိမ်သို့ ဝင်ရောက်ခြင်းမပြုရပါ။
Social Distancing မူနှင့်အညီ လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ပေစီကွာလျက် ဆောင်ရွက်ရမည်။ မဲဆွယ်စည်းရုံးမှုအား နားထောင်သူများ သည် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်၍ နားထောင်စေရမည်။ မဲဆွယ်စည်းရုံးသူများအနေဖြင့် ပြည်သူလူထုနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း မပြုရပါ။
ရွေးကောက်ပွဲ မဲဆွယ်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပါဝင်သူများအားလုံးသည် " နှာစေး၊ ချောင်းဆိုးသည့် အခါတိုင်း လိုက်နာကျင့်သုံးရသည့် ကျင့်ဝတ်များ "အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ
သည်။
နေအိမ်တွင်နေထိုင်ရခြင်း
နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အစီအစဉ် သတ်မှတ်ထားသော တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ရပ်ကွက်/ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ် စည်းရုံးခြင်း၊ ပြင်ပနေရာများနှင့် အဆောက်အအုံများတွင် မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံး ခြင်းလုပ်ငန်းများ လုံးဝဆောင်ရွက်ခြင်းမပြုကြရပါ။ သို့ရာ တွင် အင်တာနက်မှတစ်ဆင့် Live Stream ဖြင့် မဲဆွယ် စည်းရုံးဆောင်ရွက်ခွင့် ရှိနေကြသည်။
ရွေးကောက်ပွဲ၏ စံလုပ်ငန်းလမ်းညွှန်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်မျှတစွာဖြင့် အောင်မြင်အောင် ကျင်းပသွားရန် လိုအပ်သကဲ့သို့ COVID – 19 ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက်လည်း အထူး အလေးထားရပါမည်။ ယခုကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော မဲဆွယ်စည်းရုံးရေးဆောင် ရွက်ရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) သည် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များက ပါတီစည်းရုံးရေးနှင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန် ဖြစ်သည်။ မဲဆန္ဒရှင်များနှင့် မဲရုံဝန်ထမ်းများ လိုက်နာရ မည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၂) ကိုလည်း ထုတ်ပြန် သွားမည်ဟု သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန် သည့် စံလုပ်ငန်းလမ်းညွှန်ချက်များသည် ရွေးကောက်ပွဲ ချောမောအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက စံလုပ်ငန်းလမ်းညွှန်ဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ် ကြောင်းပါခင်ဗျာ။
m COVID – 19 ရောဂါကူးစက်ခံရမှုများကို လျင်မြန်စွာ ထိန်းချုပ်နိုင်ကြပါစေ၊
m စံလုပ်ငန်းလမ်းညွှန်များနှင့်အညီ အလေးထား လိုက်နာ ဆောင်ရွက်နိုင်ကြပါစေ၊
m မဲဆန္ဒရှင်များ စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် ဆန္ဒမဲပေးနိုင်ကြပါစေ။