၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးနှင့် ဖူဆယ် အမျိုးသား၊ အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၂၃ နိုဝင်ဘာ

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးနှင့် ဖူဆယ် အမျိုးသား၊ အမျိုးသမီးအသင်း လေးသင်းစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် လာမည့်ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံးနှင့် ဖူဆယ်အားကစားနည်းတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲလေးမျိုးစလုံး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲသာ ပုံမှန်ပါဝင်သည့် အားကစားနည်းဖြစ်သော်လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဖူဆယ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတို့မှာမူ အိမ်ရှင်နိုင်ငံအပေါ်မူတည်၍ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ ထည့်သွင်းကျင်းပသည့်အကြိမ်တိုင်း ပါဝင်ခဲ့သော်လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲကိုမူ ၁၉၈၅ ခုနှစ်မှ ထည့်သွင်းကျင်းပပြီး ၁၁ ကြိမ်သာ ထည့်သွင်းကျင်းပထားသည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၈၅၊ ၁၉၉၅၊ ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၃၊ ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်တွင် ထည့်သွင်းကျင်းပခဲ့ကာ လာမည့်နှစ်တွင် ၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။ မြန်မာဘောလုံးအသင်းအနေဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေငါးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်မူ ရွှေတံဆိပ်မရယူနိုင်သေးဘဲ ငွေသုံးခု၊ ကြေးခုနစ်ခု ဆွတ်ခူးရရှိထားသည်။ ဖူဆယ်အားကစားနည်းကိုမူ ဆီးဂိမ်းပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်၌ စတင်ကျင်းပခဲ့ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ပြိုင်ပွဲလေးကြိမ်သာ ထည့်သွင်းကျင်းပခဲ့ကာ လာမည့်နှစ်တွင် ငါးကြိမ်မြောက်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းများသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုနည်းပါးခဲ့ပြီး အမျိုးသားအသင်းမှာ ဆုတံဆိပ်ရယူနိုင်ခြင်းမရှိသေးဘဲ အမျိုးသမီးအသင်းမှာမူ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးနှင့် ဖူဆယ်အမျိုးသမီးအသင်းများ၏ လေ့ကျင့်ပြင်ဆင်မှုများ၊ ပြိုင်ပွဲအကြို ပြင်ဆင်မှုများနှင့်ပတ်သက်၍ ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာဘောလုံးနှင့် ဖူဆယ်အသင်းများသည် ကိုဗစ်-၁၉ ရောဂါအပေါ်မူတည်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံးအမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲသာ ပါဝင်ခဲ့ပြီး မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်းနှစ်သင်းစလုံး ကြေးတံဆိပ်ရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်