၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ကန့်ဘလူခရိုင်၌ တစ်ဧက တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက်များ ရွေးချယ်စိုက်ပျိုး

ကန့်ဘလူ   အောက်တိုဘာ   ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက  တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက် ဧက ၆၀ ကို ရွေးချယ်စိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူမြို့ နယ်တွင် ကျေးရွာ ၁၁ ရွာမှ တောင်သူ ၁၇ ဦး၏ ဧက ၃၀၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာ သုံးရွာမှတောင်သူ ၁၁ ဦး၏ မိုးစပါးစံပြကွက် ဧက ၃၀ စုစုပေါင်း ကျေးရွာ ၁၄ ရွာမှ တောင်သူ ၂၈ ဦးဖြင့် မိုးစပါးစံပြကွက် ဧက ၆၀ ကို တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိပြီး လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ကာ မိုးစပါး တင်း ၁၀၀ အထက် ထွက်ရှိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ နည်းများ ကောင်းမွန်မည်ဆိုပါက အထွက်နှုန်း တိုးတက်ကောင်း မွန်လာမည်ဖြစ်ပြီး  မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုကာ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့်  စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ ၂၀၂၁ ခုနှစ် မိုးရာသီ စံပြကွက် ဧက ၆၀ တွင် ဧရာမင်း၊ ဆင်းသုခမျိုးများ စိုက်ပျိုးထားရှိကြောင်း ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)