၂၀၂၁ ရာသီတွင် မြန်မာနေရှင်နယ်လိဂ်က လိဂ်ပြိုင်ပွဲလေးခုနှင့် ရှုံးထွက်ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ထား

ဇန်နဝါရီ ၁၈


မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ဘောလုံးရာသီတွင် လိဂ်ပြိုင်ပွဲလေးခုနှင့် ရှုံးထွက်ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ထားပြီး ဧပြီတွင် အစောဆုံးစတင်နိုင်ရန် လျာထားပြင်ဆင်လျက်ရှိသည်။


မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီတွင် ပုံမှန်ကျင်းပနေသည့် ပြိုင်ပွဲအများစု ဆက်လက်ကျင်းပမည်ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲ နှစ်ခုအနက် ယူ-၁၉ လိဂ်ပြိုင်ပွဲကို ကျင်းပမည် မဟုတ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ရာသီတွင် MNL အမှတ်ပေးပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများကို ဧပြီမှ အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမည့် ကာလများသာ ထုတ်ပြန်ထားပြီး ကျင်းပမည့်ရက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL အမှတ်ပေးပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို မေလမှ သြဂုတ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီမှ ဇူလိုင်၊ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကို မေလမှ နိုဝင်ဘာအထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။


လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် အသင်းပေါင်း ၁၀ သင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ရှစ်သင်း၊ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယူ-၂၁ လိဂ်ပြိုင်ပွဲတွင်မူ MNL နှင့် MNL-2 ကလပ်အသင်းများအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်