(၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုင်းဖြတ်  ၁၉  ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့မှ စီစဉ်ကျင်းပသည့် (၂၈)ကြိမ်မြောက် လားဟူနှစ်သစ်ကူးပွဲတော်ကို မြို့မအားကစားကွင်း၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဇန်နဝါရီ ၂၁ ရက်မှစ၍ မြို့မအားကစားကွင်းတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ လားဟူတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာကစားနည်းများဖြစ်သည့် ဂျက်ပေါက်ပြိုင်ပွဲ၊ ဂုံညင်းဒိုးစေ့ပစ်ပြိုင်ပွဲ၊ ဗူးပလွေအကပြိုင်ပွဲ၊ ခေတ်ပေါ်အကပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညနေပိုင်းတွင်  တိုင်းရင်းသားရိုးရာအကများ၊ ခေတ်ပေါ်သီချင်းများဖြင့် သီဆိုဖျော်ဖြေသွားခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်သည့် လားဟူတိုင်းရင်းသား လူငယ်မောင်မယ် ၁၃ ဦးကို ဂုဏ်ပြုဆုများ ပေအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ လားဟူတိုင်းရင်သားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်ခဲ့တာ (၂၈)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်၊ အရင်နှစ်တွေကတော့ နှစ်သစ်ကူးပွဲကို ဝမ်ပုံပြည်သူ့စစ်စခန်းမှာ ကျင်းပပြုလုပ်တာပါ၊ အခုမြို့မအားကစားကွင်းမှာ ကျင်းပပြုလုပ်တာ လေးနှစ်ဆက်တိုက်ရှိပြီ၊ မြို့မအားကစားကွင်းမှာ ပြုလုပ်မှ ရိုးရာအားကစားပြိုင်ပွဲတွေကို စီစဉ်ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်” ဟု မိုင်းဖြတ်မြို့၊ လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး  ဦးမိုးဒေက ပြောသည်။

မိုင်းဖြတ်မြို့နယ်တွင် အဆိုပါ လားဟူနှစ်သစ်ကူးပွဲတော်များ ကျင်းပသည့် ကာလများတွင် နှစ်စဉ်နှစ်တိုင်း   စည်ကားလျက်ရှိပြီး ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသားများ လာရောက်ပါဝင်ဆင်နွှဲကာ ရိုးရာကစားနည်းများဖြစ်သည့် ဂျင်ပေါက်ခြင်း၊ ဂုံညင်းဒိုးစေ့ပစ်ခြင်းများကို ကစားလေ့ရှိခြင်း၊ ဗူးပလွေကိုမုတ်၍ ထင်းရှုးပင်ကိုဝိုင်းဖွဲ့၍ စုပေါင်းကကြခြင်း၊ လူကြီးသူမများအား ရေကြည်ဖြင့် “လက်ဆေးမင်္ဂလာ” ပြုပေးခြင်း၊  တစ်စည်းတစ်လုံးတည်း ကောက်ညင်းဖြင့် စုပေါင်းထောင်းထားသည့် “ခေါပုတ်” များနှင့် အသားများကို လက်ဆောင်ပေးခြင်းများသည် လားဟူတိုင်းရင်းသားလူမျိုးများ၏ ချစ်စရာ့ရိုးရာဓလေ့များ ဖြစ်သည်။

သန်းထွန်းအေး(ပြန်/ဆက်)