(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ အကြို “ ကိုဗစ်-၁၉ နှင့် ပတ်သက်သော ပြည်သူ့ကျန်းမာကာကွယ်ရေး ဆိုင်ရာများ ဆွေးနွေးပွဲ” ကျင်းပ

နေပြည်တော်၊  ၂၁  ဇန်နဝါရီ

 

 

(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံအကြို "COVID-19 နှင့် ပတ်သက်သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများ ဆွေးနွေးပွဲ ("67th Myanmar Medical Conference Pre-Conference Symposium on COVID-19)" ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

 

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု၊ ကုသမှု၊ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ စားပွဲဝိုင်း လေ့ကျင့်ခန်းများ၊ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ အစည်းအဝေးများ ပြုလုပ်ခြင်းသည် ယခုကျင့်သုံးလျက် ရှိသော ကုသရေးကုထုံးများ ပိုမိုကောင်းမွန်စေရေး၊ လူနာပြုစုမှုပိုမိုစနစ်ကျစေရေး၊ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများ ပိုမိုထိရောက်စေရေး၊ ရောဂါရှာဖွေစစ်ဆေးမှု နည်းစနစ်များ ပိုမိုလျင်မြန်တိကျ၍ ကောင်းမွန် တိုးတက်စေရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးမှုစနစ် ပိုမိုကောင်းမွန်စေရေးတို့ အတွက် များစွာအကျိုးရှိသည့်အတွက် မိမိတို့ ပြုလုပ်လျက်ရှိပါကြောင်း။

 

 

မျိုးဗီဇပြောင်းလဲလျက်ရှိသည့် ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါသည် ရောဂါသစ်ဖြစ်ပြီး ရောဂါ၏ သဘောသဘာဝဖြစ်စဉ် (natural history of disease) ကို အလုံးစုံသိရှိခြင်း မရှိသေးသဖြင့် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကုသရေးကိစ္စရပ်များ၌ လည်းကောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးကိစ္စရပ်များ၌လည်းကောင်း ယခုကဲ့သို့သော ဆွေးနွေးပွဲများ၊ ညီလာခံများ၊ စားပွဲဝိုင်း လေ့ကျင့်ခန်းများမှ ထွက်ပေါ်လာသော အကြံပြုချက်များနှင့် ပြောင်းလဲလာသော ကပ်ရောဂါဗေဒအခြေ အနေ အရပ်ရပ်တို့နှင့်အညီ နည်းဗျူဟာများ မွမ်းမံ ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

နိုင်ငံတကာနှင့် ပြည်တွင်းတွင် ရောဂါကူးစက်ပျံ့နှံမှု ပုံသဏ္ဍာန်နှင့် အတိုင်းအတာများ၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာသော အခြေအနေများအပေါ်မူတည်၍ ရောဂါကာကွယ် ထိန်းချုပ်မှု နည်းဗျူဟာများကို မိမိတို့ မွမ်းမံပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကုသမှုနည်းစနစ်များနှင့် ကုထုံးများသည်လည်း အသစ်အသစ်များ ပေါ်ပေါက်ပြောင်းလဲလျက်ရှိသဖြင့် မိမိတို့သည် မျက်ခြေမပြတ်ဘဲလေ့လာ၍ လိုအပ်သလို မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ဓာတ်ခွဲမှုနည်းစနစ်များ၊ ဓာတ်ခွဲကိရိယာများသည်လည်း ပြောင်းလဲပေါ်ပေါက်လျက်ရှိသဖြင့် ဓာတ်ခွဲမှုနည်းလမ်းနှင့် နည်းစနစ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ မွမ်းမံဆောင်ရွက်ရပါကြောင်း။

 

 

ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲအဖြစ် အဆုတ်၊ နှလုံး၊ သွေး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် ပတ်သက်သော နောက်ဆက်တွဲပြဿနာများကို လေ့လာဆန်းစစ်ရန် ဆေးရုံမှဆင်းပြီးသည့် ကိုဗစ်-၁၉ လူနာဟောင်းများ ထံမှ အချက်အလက်များရယူကာ အသုံးချ သုတေသနပုံစံဖြင့် အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံသည် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ၊ နိုင်ငံနေပြည်သူများ၏ အခြေခံ ကျန်းမာရေးအခြေအနေ၊ နိုင်ငံတွင်ရှိသော အရင်းအမြစ် အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံများ၏ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စသည်ဖြင့် အခြေအနေအရပ်ရပ်သည် တူညီမှုမရှိသဖြင့် ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်း နည်းဗျူဟာများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူကျ တူညီ၍ မရပါကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် နည်းဗျူဟာများဖြင့်သာ ဆောင်ရွက်ရသည်ဆိုသည့် အချက်ကို နောက်ခံထားကာ မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

ယနေ့ ဆွေးနွေးပွဲတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်တို့မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ အတွေ့အကြုံများနှင့် တွေ့ရှိချက်သစ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက် လာသူများက မေးမြန်းမှုများအပေါ် လက်တွေ့မြေပြင်အခြေအနေကိုထင်ဟပ်မည့်  ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သဖြင့် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပါဝင်ဆွေးနွေးမည့် ပညာရှင်များသည် အတွေ့အကြုံမြင့်မားသည့် အငြိမ်းစားဆေးပညာရှင်များ၊ ဆေးပညာဘာသာရပ်အသီးသီးမှ ပညာရှင် များပါဝင်သည် ဖြစ်သဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စုံလင်စွာဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လမ်းညွှန်မှု၊ အကြံပြုမှုတို့အပေါ်မူတည်၍ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိန်းချုပ်မှုလုပ်ငန်းများကို ပြောင်းလဲလာသော ရောဂါကူးစက်မှု၊ ဖြစ်ပွားမှုအခြေအနေအပေါ်မူ တည်ပြီး မိမိတို့ အတတ်နိုင်ဆုံး အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်သော စာရင်းဇယားများ ရရှိမှသာလျှင် မိမိတို့သည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေသည် ယခင်လများထက် ကျဆင်းလာသည်ဆိုပြီး ပြည်သူများအနေဖြင့် (လုံးဝ) ပေါ့ဆ၍မရပါကြောင်း၊ ပေါ့ဆပါက ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ ကူးစက်မှုများ ရုတ်ချည်းမြင့် တက်နိုင်သည် ဆိုသည့်အချက်ကို ပြည်သူများအားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ယခု ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ပိုးသည် ကူးစက်မြန်သည့်မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိကို မိမိတို့ အမြဲတမ်းဓာတ်ခွဲ လေ့လာသုံးသပ်လျက်ရှိပြီး ယခုအချိန်အထိ ပြောင်းလဲမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း။

 

 

ဗိုင်းရပ်စ်ပိုး၏ပုံမှန် သဘောသဘာဝအရ ပွားများအခါတိုင်း မျိုးဗီဇလက္ခဏာ ပြောင်းလဲနိုင်သည် ဆိုသည့်အချက်ကို နှလုံးမှု၍ အချိန်တိုအတွင်း ကူးစက်မှု ပမာဏများပြားသည့် မြို့နယ်များမှ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲနမူနာများရယူ၍ မိမိတို့ အစဉ်မပြတ်လေ့လာသုံးသပ်လျက်ရှိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မှုအချိန်ကာလ တိုတောင်းမည် (သို့မဟုတ်) ကြာရှည်မည်နှင့် ကူးစက်ပျံ့နှံ့မှုအတိုင်းအတာ နည်းပါးမည် (သို့မဟုတ်) များပြားလာမည်ဆိုသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုအတိုင်းအတာအပေါ်မူတည်နေပါကြောင်း။

 

 

ထိုသို့ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိလိုက်နာစေရန်အတွက် ဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် "ပါးစပ်နှင့်နှာခေါင်းစည်း (mask) မဖြစ်မနေတပ်ဆင် ရေး လူထုလှုပ်ရှားစီမံချက်"ကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာ (၁၅) ရက်တွင်လည်းကောင်း၊ " ကိုဗစ်-၁၉ ရပ်တန့်ရေးအဝါရောင်လှုပ်ရှားမှု" ကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာ (၂၅) ရက်တွင်လည်းကောင်း၊ တစ်နိုင်ငံ လုံးတွင် " တစ်ဦးကို တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း မိသားစု စီမံချက်" ကို ယခုနှစ်၊ ဇန်နဝါရီလတွင် စတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံး သူများ ၏ (၉၀) ရာခိုင်နှုန်းခန့်မှာ ရောဂါအခံရှိသူများ ဖြစ်သဖြင့် ၎င်းတို့ ကိုဗစ်-၁၉ ရောဂါ မရရှိစေရေးအတွက် အထူးစီမံချက်ကို ရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ပါကြောင်း။

 

 

ဤရောဂါ၏ ကူးစက်ပျံ့နှံ့မှုကို ဖြတ်တောက်နိုင်ရန် ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့သော ဆွေးနွေးပွဲများတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနများမှ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးအကြံပြုမှုများကို ပြုလုပ်ရမည်ဖြစ်သည့်အပြင် ပြည်သူ့ကျန်းမာရေး နှင့်ဆိုင်သည့် အသုံးချသုတေသနများကို အချိန်နှင့် တစ်ပြေးညီပြုလုပ်ကာ တွေ့ရှိချက်များကို ဝန်ကြီးဌာနမှ ဤရောဂါထိန်းချုပ်မည့် ကိစ္စရပ်များ၌ အသုံးချမည်ဖြစ်ပါကြောင်း။

 

 

ယခု ကိုဗစ်-၁၉ မတိုင်မီက ဆားစ်ရောဂါ (Severe Acute Respiratory Syndrome (SARS))၊ မားစ်ရောဂါ (Middle East Respiratory Syndrome (MERS))၊ အီဘိုလာရောဂါ (Ebola virus disease (EVD)) တို့ကဲ့သို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်ခဲ့ပါကြောင်း၊  လာမည့်ကာလများတွင်လည်း ထိုသို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်လာဦးမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများဖြစ်သော ကျန်းမာရေးစနစ်အခြေခံအဆောက်အဦစနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ်များပိုမို ခိုင်မာအားကောင်းရေး၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများ အဆင့်မြင့်မားရေး၊ နှင့် ဓာတ်ခွဲခန်းများအကြား ကွန်ရက်ချိတ်ဆက်ကာ သတင်းအချက်အလက်များ အပြန်အလှန် ပေးပို့မှုအားကောင်းရေး၊ စွမ်းဆောင် ရည်မြှင့်သင်တန်းများနှင့် အသုံးချ သုတေသနများပိုမိုလုပ်ကိုင်ရေးတို့ကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါ ကြောင်း။

 

 

ကိုဗစ်-၁၉ ရောဂါ၏ ဖြစ်ပွားမှုပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအတိုင်းအတာအပြင် ရောဂါလက္ခဏာတို့သည်လည်း အမြဲပြောင်းလဲလျက်ရှိခြင်းရှိသဖြင့် ထိန်းချုပ်ကုသမှုသည် သိမ်မွေ့နက်နဲခြင်းကြောင့် ကပ်ရောဂါဗေဒ ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ အဏုဇီဝနှင့် ဗိုင်းရပ်စ်ပိုးပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ ဆေးရုံအုပ်ကြီးများနှင့် အမျိုးမျိုးသော ဆေးပညာဘာသာရပ်များမှ ပညာရှင်များအတွက် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရောဂါထိန်းချုပ်မှုဆိုင်ရာ အဟန့်အတားများကို ချက်ချင်းမလျှော့ချဘဲ တဖြည်းဖြည်းချင်းစီသာ အဆင့်လိုက်၊ အဆင့်လိုက်သာလျှော့ချလျက်ရှိပါကြောင်း။

 

 

ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ သက်ဆိုင်ပတ်သက်သူများဖြစ်သည့် ဆေးနှင့်ဆေး ပညာနှီးနွှယ် ဘာသာရပ်ပေါင်းစုံ၊ ဝန်ကြီးဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်နေသဖြင့် သာမာန်ပေါင်းစပ်ညှိနှိုင်းမှုဖြင့်မရဘဲ ဟန်ချက်ညီချိန်သားကိုက် ပူးပေါင်းလက်တွဲ ၍ဆောင်ရွက်ရပါကြောင်း၊ ရေရှည်တွင် ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပိုမို ကောင်းမွန်တိုးတက်စေရန်အတွက် ဆေးနှင့်ဆေးပညာ နှီးနွှယ်ပညာရှင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

 

ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာတိုးသီရိအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ ဥက္ကဋ္ဌ ဒေါက်တာထင်အောင်စော၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ဆေးတက္ကသိုလ် (၂)၊ အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာစံပယ်ဖြူ၊  အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးစမ်းနှင့် ယခင်က မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ပါမောက္ခ ဒေါက်တာရဲမြတို့က ဘာသာရပ်နယ်ပယ်အလိုက် ဆွေးနွေးတင်ပြကြရာ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် လာကြသူများက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

(သတင်းစဉ်)