အစ္စရေး ဒုံးကျည်ဖြင့် ဆီးရီးယားစစ်တပ်ကိုပစ်မှတ်ထား တိုက်ခိုက်

၂၅ နိုဝင်ဘာ

 

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် တောင်ပိုင်း ကျေးလက်ဒေသရှိ စစ်ဘက်ဆိုင်ရာနေရာများကို အစ္စရေးတို့က ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများသာ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ အက်စ်အေအင်န်အေက ဖော်ပြထားသည်။

 

သန်းခေါင်ယံချိန်မတိုင်မီ အစ္စရေးက ၎င်းတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသမှ ဒုံးကျည်ဖြင့်စတင် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာအရင်းအမြစ်တစ်ခု၏ပြောကြားချက်ကို ကိုးကားပြီး အက်စ်အေအင်န်အေ သတင်းအေဂျင်စီက ပြောကြားသည်။

 

ထိုတိုက်ခိုက်မှု၏ ပစ်မှတ်အတိအကျကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

 

အဆိုပါ တိုက်ခိုက်မှုသည် အီရန်ထောက်ခံပေးထားသည့် ပြည်သူ့စစ်များ အပါအဝင် ဆီးရီးယားရှိ စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုများအနက် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်သည်။

 

နိုဝင်ဘာ ၁၈ ရက်နေ့က မြို့တော် ဒမတ်စကတ် တောင်ပိုင်းရှိ ပစ်မှတ်များကို အစ္စရေးတို့က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ အီရန်ထောက်ခံပေးထားသည့် တပ်ဖွဲ့များနှင့် ဆီးရီးယားစစ်သားများအကြား ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

 

မကြာသေးမီနှစ်များက အစ္စရေးတို့သည် ဆီးရီးယားရှိ အီရန်နှင့်ဆက်နွယ်သည့်ပစ်မှတ်များနှင့် အီရန်ထောက်ခံပေးထားသည့် လက်ဘနွန် ပြည်သူ့စစ်အဖွဲ့ ဟစ်ဇ်ဘိုလာ သို့ လက်နက်များသယ်ဆောင်လာသော ယာဉ်တန်းများကို  ရာနှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

အစ္စရေးတို့က အီရန်ကို ၎င်း၏ရန်သူအဖြစ် ရှုမြင်ထားပြီး ဆီးရီးယားတွင် အီရန် အမြဲတမ်းအခြေစိုက်စခန်း တည်ဆောက်ရန် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို