အစဉ်အလာပြိုင်ဘက် ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည့် MNL ပွဲစဉ် (၃)

ရန်ကုန် ၂၄ ဇန်နဝါရီ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး MNL စတင်ကတည်းက ပြိုင်ဘက်ကောင်းများဖြစ်ခဲ့သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၃) အဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် မကွေးအသင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် ရန်ကုန်အသင်းသည် ပွဲကျပ်ကာလကို ဖြတ်သန်းနေရပြီး ကြားရက်တွင် AFC Cup ခြေစစ်ပွဲအဖြစ် အဝေးကွင်းပွဲ ကစားခဲ့ရသလို အမှတ်ပေးပွဲတွင်လည်း ရတနာပုံအသင်းနှင့် ထပ်မံကစား ရခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသော်လည်း အောင်သူ၊ လှိုင်း ဘိုဘို၊ စည်သူအောင်၊ ဝင်းနိုင်စိုးစသည့် ပြည်တွင်းကစားသမားကောင်းများ ပိုင်ဆိုင်ထားခြင်းကြောင့် ရန်ကုန်အသင်းအနေဖြင့် အားကုန်ထုတ်ကစားရဖွယ်ရှိနေသည်။ 

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ် (၂) တွင် ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သလို ယခုတစ်ပတ်တွင်လည်း ကစားပုံမာကျောသည့် စစ်ကိုင်းအသင်းနှင့် အဝေးကွင်း ထပ်မံကစားရခြင်းဖြစ်သည်။ ဧရာဝတီအသင်းမှာမူ သုံးပွဲဆက် အိမ်ကွင်း ကစားရသော်လည်း ပုံမှန်ခြေမရသေးသောကြောင့် နိုင်ပွဲဆက်ရန် အားကုန်ထုတ်ကစားရဖွယ်ရှိနေသည်။

ပွဲစဉ် (၂) အပြီးတွင် ရန်ကုန်နှင့် ဟံသာဝတီအသင်းက ခြောက်မှတ်စီ၊ ရတနာပုံ၊ စစ်ကိုင်းနှင့် ဧရာဝတီအသင်းတို့က လေးမှတ်စီ၊ ရှမ်းယူနိုက်တက်၊ ချင်းယူနိုက်တက်နှင့် ရခိုင်အသင်းတို့က သုံးမှတ်စီ၊ မကွေးအသင်းက တစ်မှတ်ရထားပြီး Southern ၊ အား/ကာသိပ္ပံနှင့် ဇွဲကပင်အသင်းတို့က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်