AFC  Cup ခြေစစ်ပွဲအောင်ရန် သေချာသလောက်ရှိသွားသည့် ရန်ကုန်အသင်း

ရန်ကုန် ၂၃ ဇန်နဝါရီ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိသွားခဲ့ပြီဖြစ်သည်။

 

အာဆီယံဇုန် နောက်ဆုံးအဆင့် ခြေစစ်ပွဲတွင် သုံးပွဲပါဝင်ပြီး ရန်ကုန် (မြန်မာ) က အင်ဒရာ (ဘရူနိုင်း) ကို အဝေးကွင်း၌ ခြောက်ဂိုး-တစ်ဂိုး၊ မာကာဆာ (အင်ဒိုနီးရှား) က လာလီနော့ယူနိုက်တက် (တီမော)ကို အဝေးကွင်း၌ လေးဂိုး-တစ်ဂိုး၊ ဆာဗေ(ကမ္ဘောဒီးယား) က မာစတာ-7 (လာအို) ကို အိမ်ကွင်း၌ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းသုံးပွဲစလုံး ဂိုးပြတ်ရလဒ်များ ထွက်ပေါ်ခဲ့သောကြောင့် အနိုင်ရရှိသည့် အသင်းများမှာ ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

 

ခြေစစ်ပွဲဒုတိယအကျော့ကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် အိမ်ကွင်းလက်ခံကစားရမည့်အပြင် ပထမအကျော့ ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို) တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဇန်နဝါရီ ၂၂ ရက်က ဘရူနိုင်းနိုင်ငံ၌ ကစားသည့် ပထမအကျော့ပွဲတွင် ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းသည်  ကျော်ဇင်ထက် (ဂိုး)၊ ဇာနည်ထက်၊ ထိုက်ထိုက်အောင်၊ အဘူဘာကာ၊ သိန်းသန်းဝင်း၊ ကောင်းထက်စိုး၊ မောင်မောင်ဝင်း၊ ရှိုရီ၊ မောင်မောင်လွင်၊ ဘာဖို၊ သန်းပိုင်တို့ကို ပွဲထွက်လူစာရင်း၌ အသုံးပြုခဲ့သည်။ ၁၁ မိနစ်မှာပင် ရန်ကုန်အသင်း ဂိုးစရခဲ့ပြီး သန်းပိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ အဖွင့်ဂိုးသွင်းယူခဲ့သည့် သန်းပိုင်သည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၁၆ မိနစ်တွင် ဒုတိယဂိုးထပ်မံ သွင်းယူခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဘာဖိုက ရန်ကုန်အသင်းအတွက် တတိယဂိုးသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ်အနိုင်ရနေသည်။

 

ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်းက ပွဲကိုဆက်လက်ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၅၂ မိနစ်တွင် ဘာဖို၊ ၆၃ မိနစ်တွင် မောင်မောင်လွင်၊ ၇၁ မိနစ်တွင် အောင်ကျော်နိုင်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ အင်ဒရာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၇၆ မိနစ်တွင် မာဆယ်လိုက သွင်းယူခဲ့သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်