အိမ်မှာနေကြတဲ့အခါ လိုက်နာစရာ

၆ စက်တင်ဘာ

မင်္ဂလာပါကလေးတို့ရေ။ အားလုံးပဲ ကိုဗစ်-၁၉ ကြောင့် ပုရွက်ဆိတ်လေးတွေလို ကိုယ့်အိမ်မှာပဲ ကိုယ်နေကြရတာပေါ့။ ဒီလိုအချိန်မှာ ယဉ်ကျေးပျူငှာတဲ့ လောကဝတ်ကလေးတွေကို လေ့ကျင့်ရင်း လူတော်လူကောင်းလေးတွေဖြစ်လာဖို့ ကြိုးစားနေကြမယ်လို့ မမက ထင်ပါတယ်။ ဒါကြောင့် ကလေးတို့ အထောက်အကူဖြစ်စေဖို့အတွက် အချက်အလက်အချို့ကို မျှဝေပါရစေ။

ချွေတာပါ

လုပ်ငန်းတွေအားလုံးက ကိုဗစ်-၁၉ ရောဂါကြီးကြောင့် ရပ်တန့်နေကြရတာ ပေါ့ကွယ်။ ဒါကြောင့် မေမေတို့ ဖေဖေတို့မှာ အရင်ကလို ဝင်ငွေမကောင်းနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီကြားထဲ ရောဂါဘယတွေက ကာကွယ်ဖို့ ကလေးတို့ကို အာဟာရပြည့်ဝ အောင် ကျွေးမွေးပြုစုနေကြရတာပေါ့။ အဲဒီ တော့ ကလေးတို့ကလည်း ပြန်ပြီး သိတတ်တဲ့ အနေနဲ့ မလိုအပ်ဘဲ မုန့်ပဲသရေစာတွေ၊ ကစားစရာတွေကို ပူဆာတာမျိုး မလုပ်သင့် ပါဘူး။ ဒါ့အပြင် လျှပ်စစ်အသုံးပြုပြီး တီဗွီ တွေကြည့်တာ၊ ပန်ကာတွေ၊ အဲကွန်းတွေ ဖွင့်တာမျိုးလည်း မလုပ်သင့်ဘဲ အတတ်နိုင်ဆုံး ချွေတာသင့်ပါတယ်။

စည်းကမ်းပိုရှိ

အိမ်မှာ နေရတဲ့အချိန် များလေလေ ကလေးတို့က ပိုဆော့ရလေလေ မဟုတ်လား။ ဆော့ကစားပြီးတဲ့အချိန်တိုင်းမှာ ပစ္စည်းတွေကို နေရာတကျပြန်ထားတာ၊ အိမ်သန့်ရှင်းရေး ကို ပိုလုပ်တာနဲ့ အမှိုက်တွေ မဖွတာကလည်း မေမေတို့ ဖေဖေတို့ကို ကူညီရာအများကြီး ရောက်ပါတယ်။

တည့်အောင်နေ

အိမ်က လူကြီးသူမတွေနဲ့ရော၊ ညီအစ်ကို မောင်နှမတွေနဲ့ရော အားလုံးနဲ့ အဆင်ပြေမှ အိမ်မှာနေရတာ ပိုပြီး ပျော်စရာကောင်းတာ ပေါ့ကွယ်။ တစ်ယောက်နဲ့ တစ်ယောက် တည့်တည့်ရှုရှုမရှိ အချိန်တိုင်း ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်ဆိုရင် လူကြီးတွေလည်း စိတ်ညစ်ရသလို ကလေးတို့လည်း ပျော်စရာ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် အားလုံးနဲ့ အဆင်ပြေအောင် ကလေးတို့က လိမ္မာရမယ်၊ အပြောချိုသာရမယ်၊ လူကြီးတွေကို ကူညီပေး ရမယ်နော်။

လေ့လာပါ

ဒီကာလမှာ ကလေးတို့ စိတ်ဝင်စားတဲ့ လက်မှုပညာ ဒါမှဟုတ် စာပေဘာသာရပ် တစ်ခုခုကို လေ့လာဆည်းပူးဖို့ အကောင်းဆုံး အချိန်ပါပဲ။ ကျောင်းစာတွေနဲ့ပဲ အမြဲ အချိန်ကုန်နေရတဲ့ ကလေးတို့အတွက် ကိုဗစ်-၁၉ ကာလမှာ ကိုယ်သင်ယူချင်တာကို အွန်လိုင်းကနေ သင်နိုင်သလို၊ လူကြီး တွေဆီကနေတစ်ဆင့်လည်း သင်ယူနိုင်တာ မို့ အိမ်မှာနေချိန်လေးကို အကျိုးရှိအောင် တစ်ခုခုကို သင်ယူလိုက်ပါလို့ မမက တိုက်တွန်းပါတယ်။

အဆက်အသွယ်မပြတ်စေနဲ့

သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ ဆရာ၊ ဆရာမတွေနဲ့ဖြစ်ဖြစ် လောကကြီးတစ်ခုလုံး နဲ့ဖြစ်ဖြစ် အဆက်အသွယ် မပြတ်အောင် တော့ ကလေးတို့က လေ့လာနေဖို့ လိုပါတယ်။ ဥပမာပြောရရင် သတင်းတွေ ကနေ ကလေးတို့ နေထိုင်ရာနေရာမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိနိုင်သလို၊ သူငယ်ချင်းတွေဆီကို ဖုန်းဆက်ရင်းကနေ ကျောင်းတွေ ဘယ်တော့ဖွင့်မလဲဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် သတင်းတွေ ကြည့်ပါ၊ ဖုန်းနဲ့ ခင်မင်သူတွေဆီ ဆက်ပါ။ ကဲ-လုပ်ကြည့်လိုက်ကြပါတော့နော်။

မမမေ