အိန္ဒိယမြောက်ပိုင်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ခုနစ်ဦး သေဆုံး

၆ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်ရှိ စက်ရုံတစ်ရုံတွင်  ယမန်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

 

အဆိုပါ မတော်တဆမှုသည် ထိုပြည်နယ် ဂါဇာဘတ်ခရိုင် မိုဒီနာဂါဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

၎င်းပေါက်ကွဲမှုတွင် အမျိုးသမီးများ အပါအဝင် လူ ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာအများအပြားရရှိခဲ့သည်။

 

 

ဒေသခံများ၏ အဆိုအရ ယင်းပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် စက်ရုံတွင် လူ၂၀-၂၅ ဦးခန့်သည် ပါတီတွင် ပျော်စရာအဖြစ် စက္ကူလိပ် ရုတ်တရက် ထုတ်လွှတ်သည့် ကိရိယာတစ်မျိုးကို ပြုလုပ်နေသည်ဟု ရဲမှူးနီရာဂျ် ကူမားပြောကြားချက်ကို ဟင်ဒူစတန် တိုင်းမ် က ကိုးကားဖော်ပြထားသည်။

 

 

ထိုစက်ရုံပိုင်ရှင်ကို ရှာဖွေနေကြောင်းနှင့် သေဆုံးသူများကို ဖော်ထုတ်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ကူမားက ပြောကြားသည်။

 

 

၎င်းစက်ရုံတွင် လုံခြုံရေး အစီအမံများ မရှိကြောင်းနှင့် စက်ရုံလည်ပတ်ရန် လိုင်စင်မရှိကြောင်း ဒေသခံရွာသား တစ်ဦးက ပြောကြားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို