အိန္ဒိယ၌ တစ်နှစ်လျှင် Sputnik V ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ထုတ်လုပ်ရန် ရုရှားနိုင်ငံ သဘောတူ

မော်စကို နိုဝင်ဘာ ၂၈

အိန္ဒိယနိုင်ငံ၌ တစ်နှစ်လှျင် Sputnik V ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ထုတ်လုပ်ရန် ရုရှားနိုင်ငံမှ Soverign wealth fund နှင့် အိန္ဒိယဆေးဝါးကုမ္ပဏီ Hetero တို့ သဘောတူလိုက်ကြောင်း Sputnik V ၏ ယမန်နေ့ တွစ်တာလူမှုကွန်ရက်၌ဖော်ပြခဲ့သည့် ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

Hetero ကုမ္ပဏီနှင့် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရန်နှင့် ကမ္ဘာ့စျေးကွက်တင်ပို့ရန် လုပ်ဆောင်ရသည့် ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) တို့က ၂၀၂၁ ခုနှစ် အစပိုင်းတွင် အိန္ဒိယနိုင်ငံ၌ Sputnik V ကာကွယ်ဆေး ထုတ်လုပ်မှုစတင်ရန် စီစဉ်ထားသည်။ Sputnik V ကိုဗစ်ကာကွယ်ဆေး၏ အဆင့် ၂ နှင့် အဆင့် ၃ လက်တွေ့စမ်းသပ်မှုများကို အိန္ဒိယနိုင်ငံ၌ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၁ ခုနှစ် မတ်လထက်နောက်မကျဘဲ အပြီးသတ်အဆင့် စမ်းသပ်မှုများ ပြီးစီးမည်ဟု မျှော်မှန်းရကြောင်း ဆေးဝါးကုမ္ပဏီ Dr Reddy’s Laboratories Ltd က ပြောကြားသည်။ Sputnik V ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိကြောင်း ရုရှားနိုင်ငံ က ပြောကြားထားသည်။ နှစ်ကြိမ်ထိုးရမည့် အဆိုပါကာကွယ်ဆေးကို နိုင်ငံတကာစျေးကွက် များတွင် ဒေါ်လာ ၂၀ အောက် စျေးနှုန်းဖြင့် ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံသားများကို အခမဲ့ထိုးပေး မည်ဖြစ်သည်။ Sputnik V ကိုဗစ်ကာကွယ်ဆေးကို ၂ ဒီဂရီစင်တီဂရိတ်နှင့် ၈ ဒီဂရီစင်တီဂရိတ် အကြား ထိန်းသိမ်းနိုင်ကြောင်း သိရသည်။ 

ကိုးကား-ဟိန္ဒူစတန်တိုင်းမ်၊
ဘာသာပြန်-ကျော်ထိုက်စိုး