အခက်အခဲများကို ညီညီညွတ်ညွတ် ရင်ဆိုင်ကျော်လွှားစို့

၂၃ စက်တင်ဘာ

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြန်မာနိုင်ငံကို ဝင်လာသည်မှာ ခြောက်လရှိခဲ့ပါပြီ။ ခြောက်လ တာကာလကို လွယ်လွယ် ကူကူဖြင့် ကျော်ဖြတ်ခဲ့ရသည် မဟုတ်ပါ။

ကိုဗစ်ရောဂါပိုးက ကပ်ရောဂါဖြစ်သည်။ ပျံ့နှံ့မှုမြန်ဆန်ကာ ကမ္ဘာနှင့်အဝန်း ထိထိခိုက်ခိုက် ဖြစ်သွားစေခဲ့ပါသည်။ ထို့ကြောင့်လည်း လူအများ ချောက်ချောက်ချားများ ဖြစ်သွားခဲ့ခြင်းဖြစ်၏။ လူမှုဆက်ဆံ ရေးနယ်ပယ်တွင် နေ့စဉ်ပြုမူနေကျ လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲ လိုက်ရသည်ထိ ဖြစ်ခဲ့၏။ မိတ်ဆွေချင်း၊ ဆွေမျိုးရင်းချင်းပင် တစ်ဦးနှင့်တစ်ဦး ခပ်စိမ်းစိမ်း ဆက်ဆံကြရသည့် လူမှုဆက်ဆံရေးပုံစံသစ်သည် လူတို့ကြားတွင် ရုတ်တရက် အသားမကျ သွားနေကျ၊ လာနေကျ၊ စားနေကျ၊ နေနေကျ အမူအကျင့်အားလုံး ပုံစံသစ်ဖြစ်သွားသည်ကိုး။

ထို့ပြင် ကပ်ရောဂါ၏အန္တရာယ်ကို ကာကွယ်နိုင်ရန်အလို့ငှာ စည်းကမ်းသစ်များ၊ စည်းမျဉ်း သစ်များထုတ်ကာ ကန့်သတ် ရသည့်အခါ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ထိခိုက်သွား ရသည်လည်းရှိ၏။ ယင်းကို မလိုက်နာနိုင်၊ လက်မခံနိုင်သည့် အခြေအနေတွင် ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ပြင်းလွန်းရကား ပိုးတွေ့နှင့် ဖိတ်စဉ်လူနာအရေအတွက်သည် ကြောက်ခမန်း လိလိ ဖြစ်သွားခဲ့ရ၏။

မြန်မာနိုင်ငံအနေဖြင့်မူ ကူးစက်ပြန့်ပွားမှုကို အချိန်မီထိန်းလိုက် နိုင်သည်ကတစ်ကြောင်း၊ ပြည်သူလူထု၏ ဂရုတစိုက်ရှိမှုက အားကောင်းခဲ့သည်ကတစ်ကြောင်းတို့ကြောင့် ကူးစက်ပျံ့နှံ့မှု ပထမဆုံး ဂယက်ကို ထိန်းချုပ်နိုင်ခဲ့ပါ သည်။

ထိုသို့ ထိန်းချုပ်နေနိုင်ခဲ့ရာက ရောဂါပိုးပျံ့နှံ့မှု ဒုတိယအကျော့ ပြန်အလာတွင် ရုတ်ခြည်းဆိုသလို ကူးစက်ပြန့်ပွားမှု အများအပြား တိုးလာခဲ့ပါသည်။

ယခုဆိုလျှင် နေ့စဉ်တိုးတိုးလာသည့် ရောဂါပိုးတွေ့ရှိသူ အရေအတွက်ကြောင့် ရန်ကုန် တိုင်းဒေသကြီးကို ကိုကိုးကျွန်းမြို့နယ်တစ်ခု ခြင်းချက်ထားကာ အိမ်တွင်းနေ ထိန်းချုပ် စည်းကမ်း သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာနှင့်ချီ၍ ပြန့်ပွားကူးစက်နေခြင်း ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံသည်လည်း အများနည်းတူ ရင်ဆိုင်ကြရသည်သာ။ ခရီးသွားလာလို့မရ။ ကုန်သွယ်ကူးသန်း စီးပွားရေးလုပ်ငန်း များအားလုံး အခက်အခဲတွေ့ကြ။ ကုန်ပစ္စည်းထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ စိုက်ပျိုးသူ၊ မွေးမြူသူအားလုံးလိုလိုပင် အခက်အခဲတွေ့ကြ။ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူများအားလုံး အခက်အခဲတွေ့ကြ။ အများအားဖြင့် မည်သို့အလုပ်လုပ်ရမည်ဆိုသည်ကိုပင် ပြင်ဆင်ချိန်မရ ဖြစ်ရသော အခက်အခဲများ။

အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများသည်ကား ရုတ်တရက်ဗြုန်းဆို ကျရောက်လာသော လုပ်ငန်းတာဝန်များကို မည်သို့စီမံခန့်ခွဲ ဖြေရှင်းကြမည်ကို စဉ်းစားနေချိန် ပင်မရ။ တွေဝေနေချိန်မရ။ သံသယလူနာများ၊ ပိုးတွေ့ရှိ အတည်ပြုလူနာများ၊ ရောဂါဖြစ်ပွား ခံစားနေရသူလူနာများကို မည်သည့်နေရာမှာ မည်သို့ထားမည်၊ မည်သို့ကုသကြမည်၊ မည်သို့ ကူးစက်မှုများမလာအောင် ထိန်းချုပ် ကာကွယ်ကြမည် စသည်ဖြင့် မလုပ်မဖြစ်လုပ်ရမည့် လုပ်ငန်းဆောင်တာများကို ဇယ်စက်သလိုလုပ်ရင်း မိသားစုအချိန်၊ အပန်းဖြေချိန် ဆိုသည်တို့ကို မေ့ထားလိုက်ရသည်။ ဝန်နှင့်အားက မမျှဤသည်ပင်များလှစွာသောစေတနာ့ဝန်ထမ်း ပရဟိတ သမားတို့က အင်တိုက်အားတိုက် ဝင်ရောက်ကူညီကြ၍သာ သည်မျှလောက် ဖြေရှင်းနိုင်နေသည်ဟု ဆိုရပါမည် ထင်၏။

အခြေအနေကို မှန်မှန်ကန်ကန် နားလည်စိတ်ရှိသူများ၊ ဝန်ထုပ်ဝန်ပိုးများဖြင့် လေးလံနေသူများကို စာနာစိတ်ရှိသော ပြည်သူလူထု ကလည်း မိမိတို့ တစ်ဦးချင်းတတ်နိုင်သည့်နေရာမှ အလှူအတန်း ထည့်ဝင်ခြင်း၊ စိတ်ဓာတ်ရေးရာအရ အားပေးကြခြင်း၊ အခါအားလျော်စွာ ချမှတ်သောစည်းကမ်းစည်းမျဉ်းတို့ကို ကိုယ်တိုင်လိုက်နာ စောင့်ထိန်းသလို နီးစပ်ရာ ကိုလည်း လိုက်နာစောင့်ထိန်းကြရန် နှိုးဆော်သမှုပြုခြင်း အစရှိသဖြင့် တာဝန်ခွဲဝေယူကြလေသည်။

နိုင်ငံတကာအလယ်တွင် မချမ်းသာသောနိုင်ငံ၊ ဖွံ့ဖြိုးမှုအနည်းဆုံးသော နိုင်ငံအဖြစ် ရပ်တည် နေရသော်လည်း ယခုလို အရေးနှင့်အကြောင်းနှင့် ဖြစ်လာသည့်အခါ ရှိရှိသမျှသော ဓနအင်အားကို လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် များကိုလည်းကောင်း ထုတ်နုတ်သုံးစွဲ၍ ပြည်သူ လူထု၏ ကျန်းမာရေးနှင့် အသက်ရှင်သန်ရေးကို ကာကွယ်စောင့်ရှောက် ရန် အဆင်သင့်ဖြစ်နေခြင်းကမူ မိမိတို့နိုင်ငံအတွက် များစွာသက်သာရာ ရစေမည့်အကြောင်း အချက်ဟု ဆိုရပါမည်။

ယခုအခါ ဘဏ္ဍာငွေ ဘီလီယံ ၁၀၀၀ ကျော်ကို သဘာဝဘေး အန္တရာယ်အတွက် သတ်မှတ် လိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားလိုက်ပါသည်။ ထိုရန်ပုံငွေသည် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ အသုံးပြုရန် ဖြစ်ကြောင်း သိရပါသည်။ ကိုဗစ် ရောဂါက ယနေ့ဖြစ်ပွားနေသည့် အန္တရာယ်သာမက ကိုဗစ်အလွန်ကာလ စီးပွားရေးဆိုင်ရာ ထိခိုက်စေနိုင် သည့် ခြိမ်းခြောက်မှုများအတွက်ပါ ပြင်ဆင်နေရခြင်းဖြစ်ပါသည်။

နိုင်ငံသားများအားလုံး အစိုးရိမ်မလွန်ကြခြင်း၊ သတိကြီးစွာထားကြ ခြင်းနှင့်အတူ ညီညီညွတ်ညွတ် အတူတကွ ရုန်းကန်ခြင်းဖြင့် ကပ်ရောဂါဘေးကို ဆန့်ကျင်အောင်မြင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါ ကြောင်း။  ။

မြန်မာ့အလင်း