အလှမျိုးစုံစွာ တောင်တန်းပြာက ရေတံခွန်ဘုံတလာ ...

မင်းလပြည့် (ဟားခါး)

ချင်းပြည်နယ်သည်သဘာဝအလှတရားများဖြစ်သော တောတောင်များ၊ သစ်ပင်တောအုပ်များ၊ စမ်းချောင်းငယ်များ၊ ရေတံခွန်များ၊ လှပသောပန်းပွင့်များ၊ သဘာဝမြစ်ချောင်းများ ပေါများသော ပြည်နယ်တစ်ခုဖြစ်သည်။ အံ့ဖွယ်ကောင်းသော ဘုံတလာရေတံခွန်သည် ချင်းပြည်နယ် မတူပီမြို့နယ်တွင်ရှိပြီး တောင်အဆင့်ဆင့်မှ လှပစွာ ရေစီးဆင်းနေသဖြင့် အလှပဆုံးနှင့် နာမည်ကြီး ရေတံခွန်အဖြစ်ထင်ရှားပြီး မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်ကြသော ပြည်သူများ၏ လေ့လာရေးခရီးသွားအပန်းဖြေစခန်းသာတစ်ခုလည်း ဖြစ်သည်။

ဘုံတလာဆိုသည်မှာ ဘုံ=လဲကျသည်။ တလာ=ကျ သည်၊ ထိုးစီးဆင်းသည်ဟူ၍ အဓိပ္ပာယ်ရကြောင်း သိရှိရသည်။ ဘုံတလာရေတံခွန်သည် ချင်းပြည်နယ် မတူပီမြို့နယ် ထီစောင်းရွာနားတွင် ဝင့်ထည်ခန့်ညားစွာတည်ရှိပြီး ပေပေါင်း ၄၂၀၀ ကျော်ရှိသည်။ ထင်းရှူးတောမြိုင်ဖြစ်သည်။ အော်သရော တောင်စွန်းအောက်တွင် စတင်ချောင်းဖျားခံပြီး တောင်ဘက်သို့ နိမ့်ဆင်းစီးကျလာရာ မတ်စောက် နက်ရှိုင်းသည့် ကျောက်ကမ်းပါးကြီးကို ဖြတ်သန်းစီးဆင်းလာသဖြင့် အလွန်လှပသည့် ရေတံခွန်တစ်ခုဖြစ်လာခဲ့ပေသည်။

အဆင့်ကြီး ခုနှစ်ဆင့်ရှိ

ရေတံခွန်တွင် ရေစီးဆင်းကျသည့်အဆင့်ကြီး ခုနစ်ဆင့် ရှိပြီး အဆင့်လေးနှစ်ခုရှိကြောင်း သိရသည်။ ရေအများဆုံး အချိန်တွင် ရေစီးလုံးပတ်ပေ ၃၀ မှ ပေ ၄၀ အထိရှိသည်။ တစ်ဖန် ရေတံခွန်အဆင့် သုံးဆင့်အထိကို မတူပီမြို့ပေါ်မှ အဖြူရောင် ဆေးခြယ်ထားသကဲ့သို့ ရေကျသည်ကို ဖြောင့်တန်းစွာ လှမ်းမြင်တွေ့ရှိရသည်။ ဘုံတလာရေတံခွန်နှင့် ပတ်သက်၍ နိုင်ငံ့ခေါင်းဆောင်များက ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေစုကန်၊ ရေလွှဲဆည်၊ ရေထိန်းကန်နှင့် စက်ရုံလုပ်သားများ နေအိမ်များတည်ဆောက်ရေးကြိုးပမ်း အားထုတ်ခဲ့ကြပေသည်။ ။

၁၉၇၆ ခုနှစ် ဧပြီ ၄ ရက်တွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး စန်းယု မင်းတပ်မြို့သို့ ရောက်ရှိလာခဲ့စဉ် ဘုံတလာရေတံခွန်မှ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးပါရန် မတူပီမြို့နယ်ကိုယ်စားလှယ် ဦးယုံဒေါ၊ ဦးတိုက်ချွန်းတို့က ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းသို့တင်ပြချက်အရ နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူတပ်ရင်းမှ ဗိုလ်မှူးစိန်ဝင်းဦးဆောင် ကွပ်ကဲလျက် ၁၉၇၆ ခုနှစ် မေ ၂၂ ရက်တွင် ဘုံတလာ ရေတံခွန်ကို အသေးစိတ်လေ့လာမှုပြုခဲ့ကြသည်။ လေ့လာမှုပြုလုပ်ရာတွင် ရေတံခွန်၏အမြင့်ဆုံးနှင့် ၎င်းအောက် ငါးဆင့်ကြား ဒေါင်မတ်များဖြင့် ၆၀၆ ဒသမ၂ ပေရှိသည်။ အလျားအရှည် ပေ ၃၀၀၀ ခန့်ရှိသည်။ ရေအနည်းဆုံး အချိန်တွင် ရေကျနှုန်းမှာ တစ်စက္ကန့်လျှင် ဂါလန် ၁၀၀ ရှိကြောင်း သိရသည်။ ၎င်းအပြင် ရေတံခွန် အမြင့်ဆုံးနေရာမှ တောင်ဘက်ပေ၅၀၀ ခန့်အကွာတွင် ရေစုကန်တည်ဆောက် နိုင်မည့် မြေပြင်ညီတစ်ခုရှိသည်။ စက်ရုံနှင့်လုပ်သားများ နေအိမ်တည်ဆောက်နိုင်သည့် မြေပြန့်ညီအဆင့်နှစ်ဆင့် အကျယ်ငါးဧကခန့်ရှိသည်။ ရေစစ်ကန်နှင့်စက်ရုံ တည်ဆောက်နိုင်မည့်နေရာ အကွာအဝေးမှာ ပေ ၁၆၀၀ ခန့်ရှိပြီး ဆင်ခြေလျှောဒီဂရီမှာ အောက်ခြေကျောက်စာများ အခြေခံထားသဖြင့် မြေပြိုနိုင်ဖွယ်ရာမရှိပေ။

စက်ရုံနှင့်ရေစုကန် တည်ဆောက်ရာတွင် လိုအပ်မည့် ကျောက်များကို ပတ်ဝန်းကျင်တွင် လွယ်ကူစွာ ရရှိနိုင်ပြီး သဲကို ခြောက်မိုင်ကွာဝေးသော လည်မျိုချောင်းမှ ရရှိနိုင်သည်။ ရေအနည်းဆုံးအချိန်တွင် လျှပ်စစ်ဓာတ်အား ကီလို ဝပ် ၂၆၄၆၀၀ ရရှိနိုင်ပြီး အထက်ပိုင်းတစ်နေရာတွင် ရေစုကန် တည်ဆောက်ပေးပါက အဆပေါင်းများစွာသော ဓာတ်အားကီလိုဝပ်ရနိုင်သည်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်း (ငြိမ်း) ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ၂၀၀၃ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ ခရီးစဉ်တွင် ချင်းပြည်နယ် မတူပီမြို့အနီး၌ ရေအားလျှပ်စစ်ထုတ် လုပ်ရန်လမ်းညွှန်ခဲ့သည်။ ရေအားလျှပ်စစ်ဦးစီးဌာန၊ ဒီဇိုင်းပုံထုတ်နှင့် ပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲမှလက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးလိုက်ပါ၍ ရှုခင်းတိုင်းတာရေးအဖွဲ့သည် ၂၀၀၃ ခုနှစ် ဩဂုတ် ၉ ရက်မှ ၁၂ ရက် အထိ လည်မျိုး (လေ့မြို့ဟုလည်း ခေါ်သည်) ချောင်း၊ ဘုံဖားချောင်းတို့တွင် လိုအပ်သော ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

လည်မျိုးချောင်းရေအားလျှပ်စစ် အမြင့် ၁၀၆ ပေ။ တိုင်းတာရရှိသော ရေစီးနှုန်း ၄၀၀ ကုဗပေ၊ စက္ကန့် ၁၀၈၊ ၂၀၀၃၊ ၃၈ ကုဗပေ၊ စက္ကန့် ၁၉-၂-၂၀၀၄ ပုံစံထုတ်ရေစီးနှုန်း ၂၈-၉၆ ကုဗပေ၊ စက္ကန့်(စက်တပ်သုံး)၊ တပ်ဆင်စက်အင်အား ၂၅၀*၃=၇၁၀ ကီလိုဝပ်။ ရေလွှဲဆည်-အလျား ၁၀၀ ပေ။ အမြင့် ၈ ပေ ၆ လက်မ၊ ရေသွယ်ချောင်းအရှည် ၁၁၀၀ ပေ။ အကျယ် ၅ လက်မ၊ အနက် ၇ လက်မ၊ လျှာစောင် ၁/၄၀၀ ဖိအားမြှင့်သံမဏိပိုက်လိုင်းအရှည် ၄၈၂ ပေ၊ အချင်း ၃ ပေ ၄ လက်မ။ ရေထိန်းကန်ထုထည် ၁၅၆၀၀ ကုဗပေ၊ အလျား ၇၀ ပေ၊ အကျယ် ၂၅ ပေ၊ ဓာတ်အားပေးစက်ရုံ အလျား ၃၆ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၂ ပေစသည်ဖြင့် အထောက် အကူပြုအချက်အလက်များ တိုင်းတာရရှိခဲ့သည်။

ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့

ဤသို့ဖြင့် ဒေသခံချင်းတိုင်းရင်းသားပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လည်မျိုးချောင်းတစ်နေရာတွင် ရေစုကန်၊ ရေလွှဲဆည်၊ ရေထိန်းကန်စသည်ဖြင့် အကောင်အထည်ဖော် အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် အဆိုပါ စက်ရုံရှိသည့် မင်္ဂလာမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။ ။

ဘုံတလာရေတံခွန်မှ ရေအားလျှပ်စစ်ဓာတ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက အနီးအနားရှိ ထီစောင်း၊ ဝေတူး၊ မတူပီ၊ ဖနိုင်၊ ငလိုင်၊ လုံတုမ်း၊ စောင်ထီး ထားစသည့် ကျေးရွာများတွင် ဆန်စက်၊ ဆီကြိတ်စက်၊ ရက်ကန်းစင်များ တည်ထောင်နိုင်မည်၊ အသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာမည်။

လောင်စာဆီဈေးနှုန်းများလည်း သက်သာလာမည်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာပြီး အသိပညာဗဟုသုတများ တိုးပွားမြင့်မားလာမည်သာမက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ပိုမိုတိုးတက်လာနိုင်ရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ရေတံခွန်ပတ်ဝန်းကျင် ကျောက်ကမ်းပါးပေါ်တွင် ပျားအုံများရှိသည်။ ဤသို့ပျားအုံများမှာ ဆန်ကောလောက်ပင် ကြီးမားသည်။ တောဆိတ်၊ တောင်ဆိတ်များလည်း နေထိုင်ကျက်စားသော စားကျက်ဖြစ်သည်။ ယခင်က တောထူသဖြင့် သားရဲတိရစ္ဆာန်ပေါသည်။ တစ်ချိန်က တောဝက်၊ ဝက်ဝံ၊ ကျား၊ ဆတ်နှင့်တကွ ပြောင်နိုင်များပါ ကျက်စားလေ့ ရှိသဖြင့် ပါလီမန်ဒီမိုကရေစီခေတ်တွင် ဝဏ္ဏကျော်ထင် ဦးဇာဟူးသည် ရေတံခွန်ပတ်ဝန်းကျင် သုံးမိုင်ပတ်လည်အတွင်း အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ထားခြင်းမပြုရန်၊ တောမီးမရှို့ရန်နှင့် တောင်ယာဥယျာဉ်ခြံများ လုံးဝမလုပ်ကိုင်ရန် တားမြစ်ပိတ်ပင်ပေးခဲ့သည်။

ရေတံခွန်ပတ်ဝန်းကျင်သည် ကျောက်တောင်ကမ်းပါးကြီးဖြင့် တည်ရှိနေသည်။ ရေတံခွန် အနီးအနားတွင် စွယ်တော်၊ ကသစ်၊ သရဖီ မျောက်ငိုပင်များ၊ လှပသော သစ်ခွမျိုးစုံနှင့်မျိုးစိတ်များသာမက တောင်ထိပ်တွင်လည်း

တော်ဝင်တောင်ဇလပ်ပန်းများ၊ ကြိမ်နွယ်ပင်များပါ ပေါက်ရောက်လျက်ရှိနေသဖြင့် တောင်ထိပ်မှလှမ်းမျှော် ကြည့်နေပါက မျက်စိတဆုံး မြစိမ်းရောင်လွှမ်းခြုံထား သကဲ့သို့ ရှည်လျားမြင့်မားသော တောင်တန်းကြီးမှာ ရှုချင်စဖွယ် တွေ့မြင်နေရပေသည်။

သွေးချင်းမတူကြသော ဒိုင်မျိုးနွယ်စု ချင်းတိုင်းရင်းသားတို့က အိုင်ဒတ်တောင်၊ ဆီမှီတောင်နှင့် တွိမင်း၊ ကုန်ဗား (ဘုန်ဗားဟုလည်းခေါ်သည်) ချောင်း၊ ဘုံတလာတစ်ဝိုက်တို့အား လူသေဝိညာဉ်ခိုနားအရပ်၊ မရဏပြည်သွားရာလမ်းအဖြစ် ခေါ်တွင်သတ်မှတ်ကြ၊ အိပ်မက်ဆိုးအဖြစ် သတ်မှတ်ကြသဖြင့် ယခင်က ဘုံတလာ ရေတံခွန်သို့ မသွားရဲ မသွားဝံ့ကြပေ။

သို့သော် ယနေ့တိုးတက်နေသောခေတ်တွင် လူတို့၏ အတွေးအခေါ် အယူအဆများသည်လည်း တိုးတက်ပြောင်းလဲလျက်ရှိသည်။ တစ်ချိန်က မသွားရဲမသွားဝံ့သည့် ဘုံတလာရေတံခွန်သည် ယခုအခါ လူတိုင်းစိတ်ဝင်စားသည့် လေ့လာရေး အပန်းဖြေစခန်းဖြစ်နေပေပြီ။ သဘာဝရှုခင်းများ ပေါကြွယ်သော၊ ပျော်ပွဲစားထွက်၍ကောင်းသည့် တောင်စခန်းသာ၊ အေးချမ်းသာယာသည့် နယ်မြေတစ်ခု ဖြစ်နေပေပြီ။

 ဘုံတလာသို့ သွားလိုပါက မတူပီမှ ဖနိုင်ရွာ ထိုမှ အောက်သို့နိမ့်ဆင်းကာ လည်မျိုချောင်းကို ဖြတ်ရသည်။

တစ်ချိန်က ဒေသခံပြည်သူတို့က ကြိမ်ပုခက်တံတားသာ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ယခင်အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏လှူဒါန်းငွေဖြင့် ကြိုးတံတား အဖြစ်ပြောင်းလဲခဲ့ကြသည်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ ဘေလီတံတားအဖြစ် ထပ်မံဆောက်လုပ်ပေးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ နေ့ချင်းညချင်း သွားလာနိုင်သည်။ ထီစောင်းရွာအထိ ကားဖြင့်သွားလာနိုင်ပြီ။ ထိုမှတစ်ဆင့် ခြေကျင်၊ ဆိုင်ကယ် ဖြင့်သွားလာနိုင်သည်။ မတူပီမြို့မှ ဘုံတလာရေတံခွန်အထိ ၁၂ မိုင် ဝေးကွာသည်။

ရန်ကုန်၊ မကွေး၊ ပခုက္ကူစသည့် တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်းများမှလည်း လေ့လာရေးအဖြစ် လာရောက်ကြသည်။ မြဝတီရုပ်မြင်သံကြားအဖွဲ့၊ စာနယ်ဇင်းသမားများ၊ သတင်းမီဒီယာသမား၊ ခရစ်ယာန် ဘာသာရေးလူငယ်မိတ်သဟာယအဖွဲ့၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံခြားခရီးသည်စသည်များပါ နှစ်တိုင်း ဆောင်းတွင်းပေါက်သည်နှင့် လေ့လာရေးအဖြစ် တဖွဲဖွဲ ရောက်ရှိလာနေကြဆဲပင်ဖြစ်သည်။ ။

ဘုံတလာပတ်ဝန်းကျင်တွင် ထီစောင်း၊ ဖနိုင်နှင့်လိုင် စသည့်ကျေးရွာငယ်များ တည်ထားကာ ရွှေ့ပြောင်း တောင်ယာခုတ်လုပ်မှုဖြင့် အသက်မွေးကြသည်။ တောင်ယာတွင် စပါး၊ ပြောင်းသာမက လူး၊ ဆပ်၊ မျောက်ဥ၊ ကန်စွန်းဥ၊ ချဉ်ပေါင်၊ ပဲစုံ၊ ဗူး၊ ဖရုံ၊ သခွါး၊ ခရမ်း၊ ငရုတ် စသည်များ ရောနှောစိုက်ပျိုးကြသည်။ နောက်ပိုင်းတွင် ဤချောင်းကမ်းပါး၌ လယ်ယာများ ထွန်ယက်လုပ်ကိုင်ကြသည်၊ ဥယျာဉ်ခြံများ၊ ငါးကန်များ ပြုလုပ်ခဲ့ကြသည်ဖြစ်ရာ သစ်တောဖြုန်းတီးမှုဖြင့် ချောင်းရေလည်း ရှေးယခင်ကထက် နည်းလာ ခန်းလာလေတော့သည်။ တောင်ယာခုတ်လုပ်ခြင်းကြောင့် သားရဲတိရစ္ဆာန်များလည်း ရှားပါးလာသည်။ ဆတ်ကောင်နှင့်ပြောင်များသာ နေထိုင်ကျက်စားနေသည်။ ရစ်၊ တောကြက်၊ ငံ့၊ မျောက်၊ ဂျီ၊ တောဆိတ်၊ တောခွေးများသာ နေထိုင်ကျက်စားသည်။ ယခုအခါ လည်မျိုကြိုးဝိုင်းတောအဖြစ် ဘုံတလာအောက်ပိုင်းကို သတ်မှတ်ထားရှိသဖြင့် သစ်တောသစ်ပင် ထိန်းသိမ်းရေးအတွက် အလွန်ပင်အကျိုးများရှိပါသည်။ ။

ဘုံတလာရေသည် ကြည်လင်အေးမြသည်။ ချိုမြသော အရသာရှိသဖြင့် သောက်သုံးသူတိုင်းအား ကျန်းမာရွှင်လန်းစေ၏။ သို့ဖြစ်၍ အပန်းဖြေလေ့လာသူများဖြင့် စည်ကားလျက်ရှိ၏။ လူအများနားခိုနိုင်ရန် တည်းခိုရိပ်သာများ တည်ဆောက်ပေးခြင်း၊ ကားလမ်းအဖြစ် ချဲ့ထွင်ဖောက်လုပ် ပေးခြင်း၊ ကြိုးဝိုင်းဘေးမဲ့တောအဖြစ် သတ်မှတ်ပေးပါက ဘုံတလာ၏အလှသည် ပို၍ကျော်ကြားလူသိများမည် ဖြစ်ပါသည်။

ဘုံတလာကဲ့သို့ ရေတံခွန်မျိုးမှာ မြန်မာနိုင်ငံတွင် ရှားပါးပြီ။ ရေအဆက်မပြတ် စီးဆင်းနေသဖြင့် တန်ဖိုးထား ဂုဏ်ယူရမည့် သဘာဝရတနာတစ်ပါးဖြစ်သည်။ မတူပီ မြို့သူမြို့သားများအတွက် ဂုဏ်ယူရသော သဘာဝလက်ဆောင်ဖြစ်သည်။ နွေရာသီ၊ ဆောင်းရာသီကဲ့သို့ ရာသီဥတု သာယာခြောက်သွေ့သည့်အခါမျိုးတွင် သွားလာရေး၊ ပို၍ကောင်းမွန်သဖြင့် လေ့လာသူများဖြင့် စည်ကား။ လျက်ရှိသည်။ မိုးရာသီတွင် ရေများပေါများစွာ စီးဆင်းသဖြင့် လာရောက်သူနည်းပါးသည်။ ဘုံတလာရေတံခွန်အား သဘာဝရေများအဖြစ် စီးဆင်းနိုင်ရန်အတွက် ရေဝေရေလဲ အမြဲစိမ်းတောများဖြစ်သော သစ်ပင်အုပ်များကို ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ပြည်နယ်လွှတ်တော်မှလည်။ မိုးကြိုးဝိုင်းတောများနှင့် ရေထိန်းဧရိယာများအတွင်းရှိ သစ်ပင်များ စည်းကမ်းမဲ့ ခုတ်လှဲခြင်းမရှိစေရန်အတွက် အဆိုတင်သွင်း တိုက်တွန်းအတည်ပြုထားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်း စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ရေတို၊ ရေရှည် ဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ထည့်သွင်း ရေဆွဲဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ်အတွင်း ရေထွက်နေရာပေါင်း ၁၂၁၃ ခု ရှိပြီ။ ပျမ်းမျှရေထွက်ပမာဏမှာ မိုးရာသီတွင် ၁၂၅၇၃၇၂ ဒသမ ၅ ကျူးဆက်နှင့် နွေရာသီတွင် ၁၁၄၂၀၀၃ ဒသမ ၅ ကျူး၊ဆက်ထွက်ရှိသည်ဟု စိစစ်တွေ့ရှိရသည်။ ဘုံတလာ ရေတံခွန်သည် ဒေသခံပြည်သူများအတွက် သောက်ရေ၊ သုံးရေ၊ လယ်မြေများအား ရေပေးဝေ အကျိုးပြုလျက်ရှိသောကြောင့် ရေများ အဆက်မပြတ် စီးဆင်းနိုင်ရေးအတွက် သစ်ပင်ခုတ်လှဲခြင်။ တောမီးရှို့ခြင်း၊ တောင်ယာခုတ်ထွင် ရှင်းလင်းခြင်းမပြုလုပ်ရန် လိုအပ်သည်။ ၎င်းအပြင် သစ်ပင်များအား တိုးချဲ့ စိုက်ပျိုးသွားရန် လိုအပ်ပေသည်။

တစ်နည်းအားဖြင့် ဟားခါးမြို့နယ်တွင် ရှုခင်းသာ၊ ဖလမ်။ မြို့နယ်တွင် ရိဒ်ရေကန်၊ တီးတိန်မြို့နယ်တွင် ရွှမ်စောင်။ တိုင်းရင်းသားကျေးရွာ၊ လိင်နုပါးတောင်၊ ကနေဒီတောင်၊ ဖို့ဝိုက်ခံတပ်ဟောင်။ ရှာလ်လုမ်ခံတပ်၊ ကန်ပက်လက် မြို့နယ်တွင် ခေါ်နူးစုမ်တောင်ခေါ် (ဝိတိုရိယတောင်)၊ မင်းတပ်မြို့နယ်တွင် မိုးပီတောင်တန်။ အိမ်ပြတိုက်၊ ပလက်ဝမြို့နယ်တွင် ကီမိုတောင်၊ တွန်းဇံမြို့နယ်တွင် စော်ဘွား၊ နေအိမ်၊ ထန်တလန်မြို့နယ်တွင် မြို့အဝင်ရှုခင်းနှင့် မတူပီမြို့နယ်တွင် ဘုံတလာရေတံခွန်တို့သည် ထင်ရှားသဖြင့် လည်ပတ်စရာအကောင်းဆုံ။ နေရာများဖြစ်ကြသည်။ လေ့လာစရာနေရာအများအပြားကျန်ရှိနေပါသေးသည်။

သို့ဖြစ်၍ သဘာဝရေများ၊ စိမ့်စမ်းရေများ စီးဆင်းနေသည့်အပြင် သဘာဝအတိုင်း လှပနေသော တောင်တန်းပြာပေါ်က မတူပီမြို့နယ်ရှိ ဘုံတလာရေတံခွန်သို့ တစ်ခါတစ်ခေါက် သွားရောက် အပန်းဖြေလေ့လာသင့်ကြောင်း စေတနာရှေ့ထား၍ အကြံပြုရေးသားလိုက်ရပါသည်။ ။

ကြေးမုံ

 

mdn