အမေရိကန်ရေတပ်က ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ လေယာဉ်တင်သင်္ဘော ကပ္ပတိန်ကို တာဝန်ရပ်ဆိုင်း

ဝါရှင်တန် ၄ ဧပြီ


ကိုဗစ် - ၁၉ ကူးစက်မှုဖြစ်ပွားခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်မှ သင်္ဘောအမှုထမ်းများကို ကယ်ဆယ်ရွှေ့ပြောင်းပေးရန် အကူအညီတောင်းခဲ့သည့် သင်္ဘောကပ္ပတိန်ကို အမေရိကန်ရေတပ်က တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။


သင်္ဘောကပ္ပတိန် ဘရက် ခရိုဇီယာသည် စစ်ဘက်အကြီးအကဲများထံသို့ အကူအညီ တောင်းခံသည့် အနေဖြင့် ပေးပို့ခဲ့သည့် ၎င်း၏စာကို ကော်ပီပြုလုပ်ကာ လူအများအပြားသို့ ပေးပို့ခဲ့သည့်အတွက် ၎င်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ရေတပ်အကြီးအကဲ သောမတ်စ် မော့ဒလီက ဧပြီ ၂ ရက်တွင်ပြောကြားခဲ့သည်။ သင်္ဘောကပ္ပတိန်သည် ကျောက်ချရပ်နားထားသည့် သီအိုဒို ရုစဗဲ့သင်္ဘောပေါ်မှ အမှုထမ်းများကို အမြန်ဆုံးကယ်ဆယ်ရန် အကြီးတန်း အာဏာပိုင်များသို့ စာပို့ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။


ခရိုဇီယာသည် ၎င်း၏အထက် အရာရှိသို့ သတင်းမပို့ဘဲ၊ ကြိုတင် ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ အဆိုပါ အကူအညီတောင်းသည့် စာကို အီးမေးလ်မှတစ်ဆင့် လူအများအပြားသို့ ပေးပို့ခဲ့ကြောင်း မော့ဒလီက ပြောသည်။ ထို့အပြင် ခရိုဇီယာသည် အဆိုပါအီးမေးလ်ကို ဌာနတွင်းအဖွဲ့ အစည်းနှင့် မသက်ဆိုင်သူများ အပါအဝင် လူအများအပြားသို့ ပေးပို့ခဲ့ကြောင်း သိရသည်။


သို့ဖြစ်ရာ အဆိုပါစစ်သင်္ဘောပေါ်တွင် ၎င်း၏ ဦးဆောင်နိုင်စွမ်းအပေါ် အယုံအကြည်ကင်းမဲ့ခဲ့ရကြောင်း ရေတပ်အကြီးအကဲက ပြောကြားခဲ့သည်။ ယခုအခါ ဂူအမ်၌ ကျောက်ချရပ်နားထားသည့် ယူအက်စ်အက်စ် သီအိုဒိုရုစဗဲ့သင်္ဘောပေါ်၌ ကိုဗစ် - ၁၉ ကူးစက်ခံထားရသည့် သင်္ဘောသား ၁၁၄ ဦးထက် မနည်းရှိကြောင်း သိရသည်။ သင်္ဘောပေါ်ရှိ လူ ၂၇၀၀ ကို ဂူအမ်ရှိ ဟိုတယ်များတွင် သီးသန့်စောင့်ကြည့်မှုများ လုပ်ဆောင်ရန် ရေတပ်က စီစဉ်နေကြောင်း သိရသည်။

 

အေအက်ဖ်ပီ