အမှိုက်မီးရှို့ရာမှ ရော်ဘာစိုက်ခင်းသို့ မီးကူးစက်လောင်ကျွမ်း

မုဒုံ၊ ၂၅ ဇန်နဝါရီ    

 

မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ကာကျေးရွာတွင် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အမှိုက်များမီးပုံရှို့ရာမှ အနီးရှိ ရော်ဘာစိုက်ခင်းသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ ရေသည်ယာဉ် (၃)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်မှာ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စု၊ နိုင်လှုံကျေးရွာနေ ဦးမြင့်ဝေသည် ၎င်း၏ ရော်ဘာခြံတွင် အမှိုက်များမီးပုံရှို့ရာမှ  အနီးရှိ ရော်ဘာစိုက်ခင်း ဧက(၂၀)ကျော် ရော်ဘာပင်ပေါင်း (၄၀၀၀)ကျော်ခန့် မီးလောင်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ခြံရှင်အား မုဒုံမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးသူ(မုဒုံ)