အမျိုးသမီးလိဂ် ပြိုင်ပွဲကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပမည်

ဒီဇင်ဘာ ၄

ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်း ကျင်းပနိုင်ခြင်းမရှိသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို တာဝန်ယူကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်သည် အမျိုးသမီးလိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အစီအစဉ် ရေးဆွဲလျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်သည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ/မေလတွင် စတင်ကာ ဇူလိုင်တွင် အပြီးကျင်းပရန် လျာထားပြီး ကပ်ရောဂါ အခြေအနေအပေါ်မူတည်၍ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ဒီဇင်ဘာ ၃ ရက်ကပြုလုပ်သည့် လိဂ်ကော်မတီ အစည်းအဝေးတွင် အမျိုးသမီးလိဂ် ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ပြီး ယင်းကာလတွင် ကျင်းပရန် လျာထားခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ဇန်နဝါရီလဆန်းပိုင်းတွင် ထပ်မံပြုလုပ်မည့် လိဂ်ကော်မတီ အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲကာလ အတည်ပြုပြီးမှသာ ပြိုင်ပွဲဝင်အသင်းနှင့် ကျင်းပမည့်ပုံစံ ဆုံးဖြတ်မည်ဖြစ်သည်။ 
နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကလပ်အသင်းအချို့ နုတ်ထွက်မည်ဖြစ်သော်လည်း အသင်းသစ်အချို့ ထပ်တိုးလာမည်ဖြစ်သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ခုနစ်သင်း သို့မဟုတ် ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီ ကျင်းပပြီးစီးသွားပြီဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် မြဝတီအသင်းက နှစ်ကြိမ်နှင့် အားကာသိပ္ပံအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအမျိုးသမီး ဘောလုံးသမားများအတွက် ပြည်တွင်းဘောလုံးပြိုင်ပွဲများစွာ ယှဉ်ပြိုင်ကစားမှသာ ပွဲအတွေ့အကြုံနှင့် စွမ်းဆောင်ရည် တိုးတက်လာမည်ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြည်တွင်းပြိုင်ပွဲများစွာ ကျင်းပပေးရန် လိုအပ်နေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်