အမရပူရမြို့မှ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု  ရေဘုံပိုင်လုပ်ငန်း

အမရပူရ ၂၉ နိုဝင်ဘာ

အမရပူရမြို့နယ် ရေကြည်ပေါက်ရွာမှ ပြုလုပ်သော ရေဘုံပိုင်များကို ဒေသအနှံ့ တင်ပို့ပေးလျက်ရှိရာ ပုံမှန်ဝင်ငွေရရှိပြီး ရေဘုံပိုင်လုပ်ကိုင်သူများ စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်းသိရသည်။

ရေဘုံပိုင် ပြုလုပ်ရာတွင် သွပ်အိုး၊ သံအိုး၊ စတီးအိုး သုံးမျိုး ပြုလုပ်ရောင်းချလျက်ရှိပြီး ကုန်ကြမ်းကို မန္တလေးမြို့မှ ဝယ်ယူပြုလုပ်လျက်ရှိသည်။ ရေဘုံပိုင်ပြုလုပ်ရန်အတွက် လေးလက်မအရွယ် ပေ ၂၀ အရှည်ပိုက်များကို ဝယ်ယူကာ လိုအပ်သည့် အတိုင်းအတာ ရအောင် ဖြတ်တောက်ပြုလုပ်ကြရသည်။ ပေ ၂၀ အရှည် ပိုက်တစ်ခုလျှင် ငွေကျပ် ခြောက် သောင်းကျော်မှ ခုနှစ်သောင်းအထိ ပေးရသည်။

ဘုံပိုင်အိုးပြုလုပ်ခြင်း၊ အတွင်းပိုင်းချောခြင်း၊ နှုတ်သီးပေါက် ဖောက်ခြင်း၊ အောက်ခြေ ကြေးဘားဖလမ်းပြားခံခြင်း၊ မောင်းတံ၊ ဒေါက်တိုင်များပြုလုပ်ခြင်း၊ ကြေးဘားတပ်ခြင်းကို စနစ်တကျပြုလုပ်ပေးရသည်။ အသေးစား စက်မှုလုပ်ငန်းအနေဖြင့် တစ်နေ့လျှင် လူငါးဦးပြုလုပ်ပါက  ဘုံပိုင် ၁၀ လုံးကျော် ပြီးသည်။ ဘုံပိုင်သံအိုးတစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၊ သွပ်အိုးဘုံပိုင်တစ်လုံးလျှင် ငွေကျပ် ၂၃၀၀၀ မှ ၂၇၀၀၀၊ စတီးအိုး ဘုံပိုင်တစ်လုံးလျှင် ငွေကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ အထိရှိသည်။ ဘုံပိုင်အရည်အသွေးပေါ် မူတည်ကာ ဈေးနည်းသည့် ဘုံပိုင်များလည်း ပြုလုပ်ပေးရသည်။

လက်ရှိကာလတွင် ရေဘုံပိုင်များကို မန္တလေးမြို့အနီးတစ်ဝိုက်၊ စစ်ကိုင်း၊ မြင်းခြံဒေသ၊ ကျောက်ဆည်မှ အစ ရှမ်းပြည်နယ်အထိ တင်ပို့ပေးရသည်။ ရေဘုံပိုင်နှင့်တွဲဖက်ကာ တောင်သူသုံး ငါးပေါက်အိုးများ၊ ရေတင်မော်တာနှင့်တွဲလျက် အသုံးပြုသည် ဘားများကိုပါ တွင်ကျယ်စွာ ပြုလုပ်တင်ပို့ပေးလျက် ရှိကြောင်း အမရပူရမြို့နယ် ရေကြည်ပေါက်ရွာ  နိုင်းကေ ရေဘုံပိုင်လုပ်ငန်းမှ ပြောပြသည်။

တိမ်တမန်