အမရပူရမြို့နယ်  တပ်ကြီးရွာမှ  ပြုလုပ်သည့် ရောင်စုံမြေထည်အရုပ်စုဘူးများ  ဒေသအနှံ့  တင်ပို့ရောင်းချ

အမရပူရ၊ ၁၂ ဇန်နဝါရီ

မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးရွာမှ ပြုလုပ်သော ရောင်စုံအရုပ်စုဘူးများကို ဒေသအနှံ့ လှိုင်လှိုင် တင်ပို့လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း တပ်ကြီးရွာမှ မြေထည်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ဒေါ်နှင်းရီ ထံမှ သိရသည်။

တပ်ကြီးရွာတွင် တစ်ရွာလုံးနီးပါး မြေထည်ပစ္စည်းမျိုစုံကို တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချကြသည်။ အများစုမှာ မြန်မာ့ရိုးရာ အိုးပုတ်မျိုးစုံ၊ မြေစုဘူး၊ သောက်ရေအိုး၊ ညောင်ရေအိုး၊ သင်္ကြန်အိုး၊ ကံသာအိုး၊ ဆီမီးခွက်များကို အများဆုံးပြုလုပ်ရောင်းချကြသည်။ ဆီမီးခွက်များကို သီတင်းကျွတ်မတိုင်မီ ကာလတွင် ပြုလုပ်ကာ သင်္ကြန်အိုးကို တန်ခူးလမတိုင်ကာလတွင်သာ ရာသီအလိုက် ပြုလုပ်ပြီး အခြား မြေထည်ပစ္စည်းများကိုမူ တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချကြသည်။

လက်ရှိကာလတွင် ရောင်စုံအရုပ်စုဘူးများကို နေပြည်တော်၊ ရန်ကုန်၊ ဟင်္သတ၊ မကွေး၊ ရေဦး၊ တန်ဆည်၊ ကျောက်ဆည်၊ မန္တလေးနှင့် အခြားဒေသများသို့ တင်ပို့ပေးလျက်ရှိသည်။ ရောင်စုံအရုပ်စုဘူးများ ပြုလုပ် ရောင်းချရာတွင် ဇီးကွက်ရုပ်စုဘူး၊ သမင်ပုံစုဘူး၊ ဆင်ရုပ်စုဘူး၊ ခွေးရုပ်စုဘူး၊ ယုန်ရုပ်စုဘူးနှင့် အခြားချစ်စဖွယ်အရုပ်စုဘူးများကို ပြုလုပ်ရောင်းချကြသည်။ ရောင်စုံအရုပ်စုဘူး ဇီးကွက်ရုပ်တစ်ခုလျှင် ဖောက်သည်သွင်းဈေး ငွေကျပ် ၅၀ဝ မှ ၉၀ဝ အထိ အရုပ်အကြီး အသေး  ပေါ်မူတည်ကာ ဈေးနှုန်း အမျိုးမျိုးဖြင့် ဖောက်သည် ပေးကြကြောင်း သိရသည်။

အိုးလုပ်သည့်မြေအတွက် ရှေးယခင်မှပင် ယခုအချိန်အထိ တပ်ကြီးရွာပိုင်မြေမှ တစ်ရွာလုံးရယူကြသည်။ ခေတ်မီသောကာလတွင် လူငှားဖြင့် မြေတူးသယ်ယူကြသည်။ မြေ ထော်လာဂျီတစ်စီးသယ်ယူခ ငွေကျပ် ၇၀ဝ၀ ပေးရသည်။

မြေများကို လိုသလောက်ကြိတ်ကာ ထုခြေပြီး ရေစိမ်ရသည်။ ရေစိမ်ပြီးသည်နှင့် ဆန်ကာနှင့်စစ်၍ အကန့်လေးများ ပြုလုပ်ကာ ဖြန့်ခင်းလှန်းပေးထားရသည်။ ရွှံ့ဖြစ်သွားသည့် မြေများကို တစ်ညသိပ်ခန့်ကြာပြီးသည်နှင့် အိုးလုပ်ရန် ဒေသအခေါ် စက်ပြင်နားတွင် စုပုံကာ မခြောက်စေရန် အဝတ်များဖြင့် ဖုံးအုပ်ထားရသည်။ ထို့နောက် လိုသလောက်ယူကာ မြေထည် ပစ္စည်းများကို ပြုလုပ် ကြသည်။ ရရှိလာသော မြေထည်ပစ္စည်းအမျိုးမျိုးကို အချောတိုက်ပြီး နေလှန်းခြင်း၊ အိုးဖုတ်ခြင်းများ ပြုလုပ်ကာ ဒေသအနှံ့ တစ်နှစ်ပတ်လုံး တင်ပို့ပေးလျက်ရှိကြောင်း တပ်ကြီးရွာမှ ရောင်စုံအရုပ်စုဘူး ပြုလုပ်ရောင်းချသူ ဒေါ်ညွန့်လွင်က ပြောပြသည်။

နွေနဒီ(မြစ်ငယ်)