အင်္ဂလန်နိုင်ငံတွင် အသွားအလာ ကန့်သတ်မှုကို ရုပ်သိမ်းမည်

၂၄ နိုဝင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် အသွားအလာ ကန့်သတ်ထားမှု အစီအစဉ်ကို အင်္ဂလန်နိုင်ငံတွင် လာမည့် အပတ်မှစပြီး ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာမှုကြောင့် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အင်္ဂလန်နိုင်ငံတွင် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှုများကို ဗြိတိန်အစိုးရက ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 

အသွားအလာ ကန့်သတ်မှုများကြောင့် အင်္ဂလန် နိုင်ငံသားများသည် မရှိမဖြစ် လိုအပ်သည့် ဆိုင်များမှလွဲပြီး လက်လီ အရောင်းဆိုင်များအား  ပိတ်ထားရန် အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 

 

တစ်နိုင်ငံလုံးအနှံ့ အသွားအလာ ကန့်သတ်မှုသည် ဒီဇင်ဘာလ  ၂ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပြီး တိုင်းပြည်တွင်း၌ အဆင့် သုံးဆင့်ဖြင့်  ကန့်သတ်သည့်  အစီအစဉ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယမန်နေ့က ကြေညာခဲ့သည်။

 

 

ဗိုင်းရပ်စ် ကူးစက်မှုအပေါ် မူတည်ပြီး နိုင်ငံတွင်း ဒေသများတွင် ချမှတ်သည့် စည်းမျဉ်းစည်းကမ်းများသည်လည်း ကွဲပြားသွားမည်ဖြစ်သည်။

 

 

နေရာဒေသ အသီးသီးမှ လူများသည် အိမ်မှာနေပြီး အလုပ်လုပ်ခြင်းဖြင့် လက်လီဆိုင်များ ဖွင့်နိုင်မည်ဖြစ်သည်။

 

 

ဗိုင်းရပ်စ် ဖြစ်ပွားမှုများသော ဒေသများတွင် မသွားမဖြစ် လိုအပ်သော ခရီးများမှအပ ကျန်လူများကို အိမ်အပြင် မထွက်ရန် တောင်းဆိုမည်ဖြစ်ပြီး  စားသောက်ဆိုင်များနှင့် ဘားဆိုင်များကိုမူ ပါဆယ်စနစ်ကိုသာ ခွင့်ပြုမည်ဖြစ်သည်။

 

 

အဆိုပါ ကန့်သတ်ချက်များသည် ၂၀၂၁  နွေဉီးကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မှုအပေါ် မူတည်ပြီး ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်သည်။

 

 

ယခုနှစ် ခရစ္စမတ်မှာ ပုံမှန်ပဲဖြစ်ပေမယ့်လည်း အခက်အခဲများကြားက ချစ်ခင်ရသူများနှင့် အချိန်ဖြုန်းခြင်းက အဖိုးတန်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

 

အစိုးရသည် ဒေသန္တ အစိုးရများနှင့် တိုင်ပင်ပြီး ခရစ္စမတ်အတွက် အထူး အသွားအလာ ကန့်သတ်သည့် အစီအစဉ် တစ်ခုကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်