အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်

သန္တာခင်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ပုံရိပ်တို့သည် ၇၅ နှစ်ဆိုသော ကာလ၏ ဝါးမျိုခြင်းဖြင့် ပျောက်ကွယ်လုမတတ် ကျန်ရစ်ခဲ့ပေပြီ။ စင်စစ် ခေတ်စနစ်အဆက်ဆက်တွင် ရှင်သန်၊ အချိုးအကွေ့ပေါင်းများစွာကိုကျော်ဖြတ်၊ အခြေအနေအချိန်အခါနှင့်အညီ ပြုပြင်တီထွင်၊ အားမာန်သွင်းရပ်တည်ရင်း၊ ပြည်သူကို အလုပ်အကျွေးပြုခဲ့သော ပုံရိပ်တို့သည် ဝေဝါး ပျောက်ကွယ်ကောင်းသည့်အရာများ မဟုတ်ကြပါ။

အသံလွှင့်ရုံဘ၀အစ

၁၉၃၇ခုနှစ်၊ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်၌ ရှိစဉ်ကာလ မင်္ဂလာဒုံဝါယာလက်၊ ကျိုက္ကလို့စေတီအနီး မာကိုနီအသံလွှင့်စက်ငယ်ကလေးတစ်လုံးဖြင့် ဓာတ်ပြား သီချင်းများ စမ်းသပ်ထုတ်လွှင့်ကာ စတင်သန္ဓေတည်ခဲ့ ရာမှ ယနေ့တပ်ကုန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆိုသည့် ခမ်းနားထည်ဝါသော အခြေအနေမျိုးရောက် သည်အထိ ဖြတ်သန်းလျှောက်လှမ်းရသော မြန်မာ့အသံ ၏ ခြေလှမ်းတိုင်းသည် အလွမ်းကဗျာ၊ ပန်းကဗျာများ မဟုတ်ပါ။ ဇွဲ၊ သတ္တိ၊ စေတနာကျောက်သားများဖြင့် ထုဆစ်ထားခဲ့သော သမိုင်းမှတ်တိုင်များသာဖြစ်ပါသည်။

၁၉၃၇ ခုနှစ်တွင် မာကိုနီအသံလွှင့်စက်လေးဖြင့် စမ်းသပ်ထုတ်လွှင့်ကြရာမှ ၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံတော် အစိုးရအသံလွှင့်ဌာနဟု ကင်ပွန်းတပ်မှည့်ခေါ်ခဲ့သော အသံလွှင့်ရုံမှ ဓာတ်ပြားသီချင်းများ၊ ဟောပြောချက်များ၊ ကာလပေါ်တီးဝိုင်းများ၊ သီချင်းကြီး အသံလွှင့် ပြဇာတ် စသည်များအပြင် ဒုတိယကမ္ဘာစစ်ကာလဖြစ်သဖြင့် လေကြောင်းရန် ကာကွယ်ရန် အရေးကြီးသော စီမံချက် သတင်းများ၊ မြို့သူမြို့သားများလိုက်နာဆောင်ရွက်ရ မည့်အချက်များ စသည်တို့ကိုထုတ်လွှင့်နိုင်ခဲ့သော် လည်း ဂျပန်တို့၏ ထိုးစစ်ကြောင့်လည်းကောင်း၊ ဗမာ့ လွတ်လပ်ရေးတပ်မတော်၏ တိုက်ခိုက်မှုများကြောင့် လည်းကောင်း အသံလွှင့်ရုံကို ဗြိတိသျှတို့သည် မေမြို့ (ပြင်ဦးလွင်)သို့ ရွှေ့ပြောင်းခဲ့ရ၏။ မေမြို့တွင် နှစ်လနီးပါး မျှသာ အသံလွှင့်ခဲ့ရပြီး ဂျပန်ခြေလျင်တပ်တို့၏ ထိုးဖောက်လာမှုကြောင့် ၁၉၄၂ ခုနှစ်တွင် တစ်ခါတည်း ပိတ်ပစ်ခဲ့ရ၏။

ဂျပန်ခေတ် ၁၉၄၂ ခုနှစ် ဩဂုတ်လတွင် အသံလွှင့် လုပ်ငန်းပြန်လည်စတင်ခဲ့၏။ ထိုကာလ ထူးခြားစွာ အသံ လွှင့်ပေးနိုင်သည်များမှာ ဗမာ့လွတ်လပ်ရေး၊ ကြေညာ သည့် အခမ်းအနားနှင့် ၁၉၄၅ ခုနှစ်၊ မတ်လ ၁၇ ရက် တွင် ရွှေတိဂုံဘုရားအနီး တော်လှန်ရေးပန်းခြံတွင် ပြုလုပ် ခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်ထွက် အခမ်း အနားကျင်းပပုံများကို တိုက်ရိုက်အသံလွှင့်ပေးခဲ့ရခြင်း ဖြစ်၏။ သို့သော်လည်း ၁၉၄၅ ခုနှစ် အိန္ဒိယဘက်မှ မဟာ မိတ်တပ်များ ပြန်လည်ထိုးစစ်ဆင်လာသဖြင့် ဂျပန်ခေတ် အသံလွှင့်လုပ်ငန်း လုံး၀ဇာတ်သိမ်းသွားခဲ့ရတော့၏။
၁၉၄၆ ခုနှစ်တွင်မူ Burma Broadcasting ဆိုသော နာမည်ကိုရယူပြီး အသံလွှင့်ကဏ္ဍသစ်ကို စတင်ခဲ့၏။ မြန်မာ့အသံသည် ဤအချိန်မှစ၍ စစ်ဘေးဒဏ်ခံရ၍ ယိုယွင်းလျက်ရှိသော တိုင်းပြည်၏ ထူထောင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတို့အတွက် စတင် ရပ်တည်နိုင်ခဲ့ သည်ဟု ဆိုရမည်ဖြစ်၏။

ဗမာ့အသံခေတ်ဦး

၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပါတီအဖွဲ့အစည်းများ စတင်ပေါ်ပေါက်လာလျက်ရှိရာ တိုင်းပြည်ပြန်လည် ထူထောင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများ ဆောင်ရွက်ရာတွင် ငါ့ပါတီနှင့်ငါသာ အရေးကြီးသည် ဆိုသည့် အတ္တမာနကို ချိုးနှိမ်ပေးသော ပြုပြင်ရေး ရေဒီယိုပြဇာတ်တစ်ခုကို ဗမာ့အသံမှ ထုတ်လွှင့်ခဲ့၏။ စာရေးဆရာမောင်ထင်(ဦးထင်ဖတ်)၏ ဘာအရေးကြီးဆုံး လဲ ရေဒီယိုပြဇာတ်ဖြစ်ပါသည်။ ထိုခေတ်ကာလ ပြန်လည်ထူထောင်ရေးတေးတစ်ပုဒ်ဖြစ်သော ဆရာ ရန်နိုင်စိန်၏ “လူထုအားကို အများကြီးလိုသည်ဗိုလ်ချုပ် အစိုးရ အချိုးကျကူညီ”ဆိုသော တေးသည် ထင်ရှား၏။

ထိုကာလသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး လွတ်လပ် ရေးရရှိရန် အာရုံစူးစိုက်နေချိန်ဖြစ်ရာ ဗမာ့အသံမှနေ၍ ကန်တော်မင်ပန်းခြံနှင့် ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် လူထုစည်းဝေးပွဲကြီးများ၌ ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားသော မိန့်ခွန်းများကို ဓာတ်ပြား များဖြင့် အသံသွင်းယူပြီး တိုင်းပြည်သို့ အသံလွှင့်ပေးခဲ့၏။ တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပပုံများ၊ လွှတ်တော် အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များ မိန့်ကြားသည့် မိန့်ခွန်းများကိုလည်း အသံသွင်းယူ၍ အသံ လွှင့်ပေးခဲ့၏။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ၊ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုရန်အတွက် ဗိုလ်ချုပ် ဘိလပ် သွားရောက်ခဲ့စဉ် ဗိုလ်ချုပ်တို့လှုပ်ရှားလုပ်ကိုင် ဆောင်ရွက် ခဲ့ပုံများကိုလည်း တင်ပြခဲ့သေး၏။

၁၉၄၇ခုနှစ်၊ မြန်မာပြည်သူတစ်ရပ်လုံး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု အောက်တွင် စည်းလုံးစွာ တိုက်ပွဲဝင်ခဲ့ချိန် ဗမာ့အသံ၏ အထင်ရှားဆုံးစွမ်းဆောင်နိုင်မှုမှာ မြန်မာတို့နှင့် တောင်တန်း ဒေသများ စည်းလုံးမှုကြီးကို ပင်လုံကွန်ဖရင့်ကြီး၌ သဘော တူညီချက်ရရှိပြီးဖြစ်ကြောင်း သတင်းကောင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ညတွင် မြန်မာ၊ ရှမ်းနှင့် အင်္ဂလိပ် သတင်းပိုင်းမှ အသံလွှင့်ကြေညာနိုင်ခဲ့ခြင်းဖြစ်၏။

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင်မူ ဗမာ့အသံမှ နေ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုသတင်းဆိုးကို ပြည်သူ များထံ မလွှဲမရှောင်သာ အသံလွှင့်ကြေညာခဲ့ရပြန်သည်။ ထိုသို့ အသံလွှင့်ကြေညာပြီးချိန်မှစ၍ တစ်ပတ်တိတိ ဓာတ်ပြားသီချင်းနှင့် တေးဂီတဖျော်ဖြေခန်းအားလုံးကို ရပ်ဆိုင်းထားခဲ့၏။ ၎င်းအစီအစဉ်များအစား ကွယ်လွန်သူ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြု ရေးသားထားသည့် သတင်းဆောင်းပါးများ၊ တိုင်းသူ ပြည်သားများအနေဖြင့် ရန်တုံ့ပြန်ခြင်းမပြုဘဲ အေးချမ်း ငြိမ်သက်စွာနေကြပါရန် မေတ္တာရပ်ခံထားသည့် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်၏စာများ၊ ဖဆပလအဖွဲ့ချုပ်၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဌာနချုပ်၊ ဗမာ့လွတ်လပ်ရေး အမျိုးသမီးအဖွဲ့အစည်း၊ ဗမာနိုင်ငံလူငယ်များ အစည်း အရုံး၊ ဗမာမူဆလင်အဖွဲ့ချုပ်အစရှိသည့် ဖဆပလ အလံတော်အောက်ရှိ အသင်းအဖွဲ့များမှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာများကြေညာချက်များကို အသံလွှင့်ဖတ်ကြားပေးခဲ့သည်။ ဈာပနအခမ်းအနားကျင်းပ သည့်နေ့တွင် အခမ်းအနားကျင်းပခဲ့ပုံများကို ညပိုင်းတွင် အသံလွှင့် ကြေညာပေးခဲ့ရ၏။ ၎င်းရက်များအတွင်း အဆိုတော် စိန်ပါတီ သီဆိုသည့် “လွမ်းမပြေတဲ့ပန်းခွေ” ၊ “ပြည့်သူရင်သွေး”၊ “ဗမာ့သားကောင်း” စသည့်သီချင်း များအပြင် ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် သီချင်းများကို ရွေးချယ်တင်ဆက်၍ ကြိမ်မီးအုံးသကဲ့သို့ သောကပရိဒေ၀ကို ရင်မှာပိုက်နေရသည့် ပြည်သူကို နှစ်သိမ့်မှုပေးခဲ့ရ၏။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ဒီရေအတက်အကျတွင် အစုန် အဆန် လိုက်ပါစီးမျောရင်း ပြည်သူကို တာဝန်ကျေခဲ့ရပုံများ ထဲမှ သမိုင်းမှတ်တမ်းဝင်တင်ပြရမည့် အစီအစဉ်တစ်ခုမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန် မြန်မာ့လွတ်လပ်ရေး အလံတင်အခမ်းအနားကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တိုက်ရိုက်ကြေညာပေးခဲ့ ရခြင်းဖြစ်၏။ နံနက် ၉ နာရီအချိန်တွင်လည်း လွတ်လပ်ရေး ကြေညာစာတမ်းကြေညာသည့်အခမ်းအနားကို တိုင်းပြု ပြည်ပြုလွှတ်တော်မှနေ၍ တိုက်ရိုက်အသံလွှင့်ပေးခဲ့ ပြန်ပါသည်။ ထိုရက်သတ္တတစ်ပတ်လုံးလုံး လွတ်လပ်ရေး နှင့် ပတ်သက်သောအစီအစဉ်များ၊ ကျက်သရေမင်္ဂလာရှိ သော တေးသီချင်းများကို ဂုဏ်ပြုတင်ဆက်ခဲ့၏။ ထို လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားများကို ကျင်းပ ရာ ဗိုလ်ရှုသဘင်မှနေ၍ ၁၉၄၈ ခုနှစ်မှစ၍ တိုက်ရိုက် အသံ လွှင့်ပေးခဲ့သည်မှာ ၁၉၆၂ ခုနှစ်အထိ ဖြစ်ပေတော့သည်။ ဂီတာတင်အုံးရေးစပ်ပြီး မြသက်မူသီဆိုခဲ့သည့် ဗိုလ်ရှု သဘင်တေးသည် မြန်မာ့အသံမှ ထပ်ခါတလဲထုတ်လွှင့် ဂုဏ်ပြုခဲ့သော တေးဖြစ်၏။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း၊ ကွန်မြူနစ်နှင့် ရောင်စုံ သောင်းကျန်းသူအင်အား ၅၀၀၀၀ ခန့်အထိ ရှိလာသည်ဟု မှတ်သားရဖူး၏။

ပြန်လှည့်ခဲ့တော့ရဲဘော်၊ တွေးမနေနဲ့ရဲဘော်၊ ရှောင် မပြေးနဲ့ မောင်လေးရယ်၊ မောင်ကြီးရယ် ပြန်လာပါတော့ စသော တေးသီချင်းများသည် တောတွင်းမှ သောင်းကျန်းသူ များ လက်နက်ချ အလင်းဝင်ရန် လှပသော ဖိတ်ခေါ်မှုများ ဖြစ်၏။ မေလှမြိုင်သီဆိုအောင်မြင်ခဲ့သော ရှောင်မပြေးနဲ့ မောင်လေးရယ်သီချင်းတွင် “အို ..မောင်လေး ...မောင်လေး၊ ရှောင်မပြေးပါနဲ့ မောင်လေးရယ် ရောယောင် နောက်လိုက် အမြှောက်ကြိုက်ကလေးရယ်...” ဆိုသော စာပိုဒ်ကို လူအများနှစ်ခြိုက်ခဲ့ကြရပြီး တေးသံရှင် တင်တင်မြ သီဆိုခဲ့သော “မောင်ကြီးရယ် ပြန်လာပါတော့ ပျိုလေးမှာ တွေးခါခါမော့၊ လွမ်းလှပေါ့၊ တမ်းတပေါ့၊ ပြန်လမ်းဆီသို့ သာ” ဆိုသော သီချင်းမှာလည်း အလွမ်းရသတစ်မျိုးဖြင့် အောင်မြင်ခဲ့ရ၏။ “တွေးမနေနဲ့ရဲဘော်၊ ငေးမနေနဲ့ ရဲဘော်၊ ငြိမ်းချမ်းရေးသို့ရည်မျှော်”ဟု မာန်ပါပါ သီဆိုထားသော တေးသံရှင်ရဲဘော်စိုးနိုင်၏ တေးမှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံတစ်ခုဖြစ်ခဲ့၏။

ဖဆပလခေတ် ဗမာ့အသံ၏ ထင်ရှားသည့် ကြိုးပမ်း မှုတစ်ခုမှာ ၁၉၆၁ ခုနှစ် ဩဂုတ်လ ၁၇ ရက် နိုင်ငံတော် ဘာသာပြဋ္ဌာန်းရေးအဆိုတင်သွင်းမဲခွဲသည့် အစည်း အဝေးကိုလည်း ညသန်းခေါင်ကျော်အထိ တိုက်ရိုက် အသံလွှင့်ပေးခဲ့ခြင်းဖြစ်၏။ 

မြန်မာ့အသံအဖြစ်သို့ ရောက်ရှိခြင်း

ဦးနု ဦးဆောင်သော သန့်ရှင်းအစိုးရသည် ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့ ပါလီမန်လွှတ်တော်အစည်းအဝေး၌ ဦးဘဆွေခေါင်းဆောင်သော တည်မြဲဖဆပလ အမတ်များကို အနိုင်ရရှိခဲ့သော်လည်း နိုင်ငံ၏ စီးပွားရေး၊ ငြိမ်ဝပ်ပိပြားရေး စသည်တို့ တည်ငြိမ်မှုမရှိသဖြင့် ဗိုလ်ချုပ်နေဝင်းအား အစိုးရအဖွဲ့၏ တာဝန်များလွှဲပြောင်းယူရန် ဖိတ်မန္တက ပြုကြောင်း ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဦးနုကိုယ်တိုင် အသံလွှင့်ကြေညာခဲ့၏။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ သမိုင်းတွင် Caretaker Government အိမ်စောင့်အစိုးရဆိုသည်မှာ ပေါ်ပေါက်လာခဲ့၏။

အိမ်စောင့်အစိုးရ၏ မူဝါဒကို ဇောင်းပေးထောက်ပံ့ သော အစီအစဉ်များ ပိုမိုတိုးချဲ့လာရ၏။ ထိုအချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လျော့ရဲလာသည် သာမက ပြည်တွင်းသောင်းကျန်းမှုများ၊ နိုင်ငံရေး ဂိုဏ်းဂဏကွဲပြားမှုများ ပြင်းထန်လာခဲ့ရာ တွဲဖက် အစီအစဉ်မှ စစ်မြေမှ ချစ်ဆွေ၊ ရဲဘော်သင်သိပါသလား၊ သာဓုနှင့် အာယု ဆွေးနွေးခန်းတို့ တိုးချဲ့ ထုတ်လွှင့်ပေး ခဲ့ရ၏။ ထိုအိမ်စောင့် အစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် ဗမာ့အသံမှ မြန်မာ့အသံသို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြည်လမ်းသို့ ပြောင်းရွှေ့ခဲ့ကြ၏။

အိမ်စောင့်အစိုးရလက်ထက် ဥက္ကလာနှင့် သာကေတ မြို့သစ်များတည်ဆောက်ကာ၊ မြို့တော်ကို ချွေးဖြင့် ဆေးမည်ဆိုသည့် မူဝါဒကိုင်စွဲလျက်၊ ရန်ကုန်မြို့အတွင်း မြို့သူမြို့သားများ မိမိရပ်ကွက်မြို့ရွာများ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးဆောင်ရွက်ကြသည်ကို အထောက် အကူ ဖြစ်စေရန် မြို့ရွာတစ်ခွင်လှည့်လည်စဉ် ကဏ္ဍကို လည်း တိုးချဲ့ထုတ်လွှင့်ခဲ့၏။

ထိုကာလအထူးခြားဆုံးထုတ်လွှင့်မှုမှာ ရွေးကောက် ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအဖွဲ့အစည်း များအား မြန်မာ့အသံမှနေ၍ အသံလွှင့်ခွင့်ပေးခဲ့ခြင်းဖြစ် ၏။ ထိုစဉ်က နိုင်ငံရေးပါတီများဖြစ်ကြသော သန့်ရှင်း၊ တည်မြဲ၊ ပ.မ.ည.တ တို့သည် ရွေးကောက်ပွဲမကျင်းပမီ နှစ်လခန့်အလိုတွင် မြန်မာ့အသံမှတစ်ဆင့် ၎င်းတို့ပါတီ ၏ မူဝါဒသဘောထားများကို တင်ပြခွင့်ရခဲ့ကြ၏။ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်းများကိုလည်း မြန်မာ့ အသံမှပင် ကြေညာပေးခဲ့ရလေ၏။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မြန်မာ့အသံ

၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ကိုယ်တိုင်ဖတ်ကြားသော နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်ရန် တော်လှန် ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့ အသံမှ ကြေညာခဲ့၏။

တော်လှန်ရေးကောင်စီသည် ပါလီမန်ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်း၍ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန် ရေးကို အကောင်အထည်ဖော်ရန် ဦးတည်ခဲ့၏။ ထို့ကြောင့် ခေတ်ပြောင်းကာလနှင့် ကိုက်ညီမှုမရှိသော အသံလွှင့်အစီအစဉ်အချို့လည်း ရပ်ဆိုင်းခဲ့သည်။

တော်လှန်ရေးကောင်စီတက်လာပြီး နောက်ပိုင်း တောင်သူလယ်သမားကဏ္ဍ အသံလွှင့်ကော်မတီ၊ အလုပ် သမားကဏ္ဍအသံလွှင့်ကော်မတီ၊ လူငယ်ကဏ္ဍ အသံလွှင့် ကော်မတီများကိုလည်း ဖွဲ့စည်းထားရှိခဲ့ပြီး တောင်သူ လယ်သမားထုကြီးအတွက် တောင်သူလယ်သမား ရေးရာ ဖြေကြားလွှာ၊ စိုက်ပျိုးရေးရာ အဖြေလွှာ၊ ကျေးလက်စာတိုက်၊ ဒို့ကျေးရွာ၊ ကျေးလက်ဇာတ်လမ်း စသော အစီအစဉ်များ၊ အလုပ်သမားထုကြီးအတွက် 
လုပ်ငန်းတစ်ခွင်လှည့်လည်စဉ်၊ အလုပ်သမားရေးရာ အဖြေလွှာ၊ အလုပ်သမားတေး အလုပ်သမားအရေး စသော အစီအစဉ်များ လူငယ်များနှင့် ပတ်သက်၍ လည်း လူငယ်ကဏ္ဍ ကျောင်းသင်ခန်းစာ၊ ပုံပြင်လက်ဆောင် စသည်ဖြင့် ထုတ်လွှင့်ပေးခဲ့ပြန်၏။

တိုင်းရင်းသားများနှင့် ပတ်သက်၍ တာဝန်ကျေပွန်ခဲ့ သော မြန်မာ့အသံသည် အသံလွှင့်လုပ်ငန်း “ဗမာ့အသံ” ဆိုသည့် နာမည်ဖြင့် အသံလွှင့်နိုင်ခဲ့သည့်ကာလကပင် စတင်၍ ပိုးကရင်၊ စကောကရင်၊ ရှမ်းစသည့်ဘာသာ(၃)မျိုးဖြင့် လွှင့်ထုတ်ပေးခဲ့ပြီး ၁၉၆၁ခုနှစ်တွင် မွန်၊ ပအိုဝ်း၊ လားဟူ ၊ ၁၉၆၅ ခုနှစ်တွင် ကယားဘာသာတို့ကို တိုးချဲ့ ထုတ်လွှင့်ပေးခဲ့ပြန်၏။ ထို့နောက် တိုင်းရင်းသားဌာန စိတ်တစ်ခု သတ်မှတ်ကာ ကချင်၊ ကယား၊ ကရင် (စကော၊ပိုး)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား အစီအစဉ် ရှစ်ခုဖြင့် ထုတ်လွှင့်ပေးခဲ့ပါသည်။

ယခုဆိုလျှင် မြန်မာ့ရုပ်မြင်သံကြား MRTV NRC Channel မှ တိုင်းရင်းသားများ၏ ဓလေ့ရိုးရာ၊ လူမှုရေး၊ စီးပွားရေး စသောကဏ္ဍများ ကချင်၊ ကယား၊ စကော ကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း (လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀ဘာသာများဖြင့် ရိုက်ကူး တင်ဆက်လျက်ရှိ၏။

၁၉၆၂ခုနှစ် နောက်ပိုင်းကာလများတွင် တိုင်းရင်း သား စည်းလုံးချစ်ကြည်မှုအတွက် “ဒို့ပြည်ထောင်စု သား”၊ “သွေးချင်းများရဲ့ ပလောင်ရွာ”၊ “ဝေ့ဟေဟေ”၊ “သွေးရင်းများပီပီ”၊ “သားချင်းများဆုံတွေ့သောအခါ”၊ “ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်”စသော သီချင်း များမှာ အလွန်အောင်မြင်ထင်ကျန်ခဲ့သော ပြည်ထောင်စု တေးများဖြစ်၏။ 

မြန်မာနိုင်ငံ၏ သမိုင်းရေစီးကြောင်းတွင် လိုက်ပါ ရင်း အမြဲတာဝန်ကျေပွန်ခဲ့သော မြန်မာ့အသံသည် ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုင်တိုင် မြန်မာနိုင်ငံတစ်ဝန်းလုံးကျင်းပခဲ့သော ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ၌လည်း ပြန်ကြားရေး၊ သတင်းပေးရေး၊ ဖြေဖျော်ရေးလုပ်ငန်းတို့ဖြင့် ပါဝင်အားဖြည့်ကူညီခဲ့၏။
ထိုစဉ်က မြန်မာ့အသံမှ ထုတ်လွှင့်အောင်မြင်ထင် ကျန်ခဲ့သော တေးတစ်ပုဒ်ကိုပြပါဆိုလျှင် အောင်ကိုလတ် နှင့်အဖွဲ့ သီဆိုခဲ့သည့် ဆန္ဒမဲပေးကြပါသီချင်းဖြစ်၏။

၁၉၈၀ ပြည့်နှစ်တွင် ရောင်စုံရုပ်မြင်သံကြား စတင်ပေါ်ပေါက်လာခဲ့၏။ ထိုအခါမှစ၍ နိုင်ငံတော်၏ နေ့ကြီး ရက်ကြီးများဖြစ်သည့် တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ အခမ်းအနားကို တော်လှန်ရေးပန်းခြံမှ လည်းကောင်း၊ ယခင်က မြန်မာ့အသံတစ်ခုတည်းမှ အသံလွှင့်ပေးနေရာမှ ရုပ်မြင်သံကြားမှပါ တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်ခဲ့လေ၏။

ပေါ်ပေါက်လာစက မြန်မာ့ရုပ်မြင်သံကြားသည် မြန်မာနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြား ဇာတ်လမ်းတွဲများ၊ ပညာပေးအစီအစဉ်များဖြင့် စတင်ခဲ့ ပါသည်။ တဖြည်းဖြည်းနှင့် ရုပ်မြင်သံကြားထုတ်လွှင့် ချိန်များ တိုးချဲ့ခဲ့ပြီး ရုပ်မြင်သံကြားမှလည်း တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ်များအတွက် အစီ အစဉ်များ၊ တေးသီချင်းများ၊ တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးတေးများကို ခေတ်ပြောင်းတော်လှန်ရေး ကာလနှင့် လျော်ညီစွာ စီစဉ်တင်ဆက်ခဲ့၏။

န၀တ၊ နအဖခေတ် မြန်မာ့အသံ

၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ အရေးတော်ပုံပေါ်ပေါက် ခဲ့၏။ ဒီမိုကရေစီအရေးတော်ပုံ၊ လူထုအုံကြွမှုများဖြစ်ပေါ် နေချိန်တွင်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနသည် ရုပ်သံထုတ်လုပ်မှုကို မရပ်ဆိုင်းစေခဲ့။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး နိုင်ငံတော် ၏ အချုပ်အခြာအာဏာကို ရယူခဲ့၏။ ထိုသတင်းကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့ရသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ စတင် တာဝန်ယူချိန်မှစ၍ စစ်ချီတေး စစ်သည်တေးများ ကို အဆက်မပြတ်ထုတ်လွှင့်ပေးခဲ့ရသည်။ ဟောပြော ချက်များ၊ ဇာတ်လမ်းများ၊ တိုင်းရင်းသားရိုးရာအဆို အကများ၊ အမျိုးသားရေး ဆောင်ပုဒ်များ၊ မြန်မာပိုင်း၊ အင်္ဂလိပ်ပိုင်း၊ တိုင်းရင်းသားအစီအစဉ် ရုပ်မြင်သံကြား တို့မှ မနက်၊ နေ့၊ ညထုတ်လွှင့်ခဲ့၏။ သောင်းကျန်းသူ သမိုင်းဆွေးနွေးခန်း၊ မြန်မာ့မူဟန် ဇာတိမာန် ဟောပြော ချက်၊ တိုးတက်စည်ပင်နယ်စပ်တစ်ခွင်တို့သည် ထိုကာလ လူသိများသော အစီအစဉ်များဖြစ်ကြသည်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်ရေး ယန္တရားအသစ်သို့ ပြောင်းလဲတည်ဆောက်ခဲ့၏။ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်၏ လိုအပ်ချက် များကို ဖြည့်ဆည်း ထောက်ကူသည့် အစီအစဉ်များဖြစ် သည့် “ဈေးကွက်စီးပွား ပြည်ထွန်းကား”၊ “စိုက်ပျိုးရေးရာ အဖြေလွှာ”၊ “စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား”၊ “ကိုးခရိုင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ချက်”၊ “နိုင်ငံ အဝန်း သစ်တောအစွမ်းဖြင့် စိမ်းလန်းစေရမည်” အစီ အစဉ်များကိုလည်း တိုးချဲ့ထုတ်လွှင့်ပေးခဲ့၏။ ထို့အပြင် “စက်မှုစွမ်းအား ခေတ်ကျော်လွှား”၊ “သားငါးဖွံ့ဖြိုး ပြည့်အကျိုး” စသည့်အစီအစဉ်များမှာလည်း ဈေးကွက် စီးပွားရေးစနစ်ကို အထောက်အကူပြုသည့် စက်မှု လယ်ယာနှင့် သားငါးကဏ္ဍတိုးတက်စေရေး ထုတ်လွှင့် ပေးခဲ့သော အစီအစဉ်များဖြစ်၏။

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အတွက် ထိုကာလက မြန်မာ့အသံတိုင်းရင်းသားအစီအစဉ် မှ မြန်မာ့အသံဝန်ထမ်းများက မိမိ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး သီဆိုတင်ဆက်ခဲ့သည့် စည်းလုံးရေး တေးသီချင်းများဖြစ်သော “ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု” သီချင်း၊ အင်္ဂလိပ်ဘာသာဖြင့် တင်ဆက် ခဲ့သော “Beautiful Myanmar” တို့သည် မြန်မာ့ရုပ်မြင် သံကြားမှ ထပ်ခါတလဲလဲ တင်ဆက်ထုတ်လွှင့်ခဲ့သော တေးများဖြစ်၏။
 
“ပြည်ထောင်စုစိတ်ဓာတ်မပြတ် ရင့်သန်ခိုင်မာ၊ ဒို့ဝန်တာ” “အချုပ်အခြာအာဏာ အဓွန့်ရှည်ကြာ ခိုင်မာစေမှု ဒို့ရှေးရှု အစီအစဉ်”၊ “အာယုနှင့် သာဓု” အစီအစဉ်တို့မှာ ထိုခေတ် ထိုကာလ နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများကို အထောက် အကူပြုရန် ရည်ရွယ်တင်ဆက်သော အစီအစဉ် များဖြစ်၏။ တစ်တောဝင် တစ်တောင်ထွက် ပြည်နယ် အနှံ့ သွားရောက်၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပြည်ထောင်စုတိုင်းရင်းသားတို့၏ ရိုးရာ တေးသံများ၊ အကအလှများ၊ တိုင်းရင်းသားဘာသာဖြင့် မူဝါဒဆိုင်ရာ ဇာတ်လမ်းများ ရိုက်ကူးတင်ဆက်ခဲ့သည်။

ထိုအချိန်က VOA, BBC, RFA, DVBဠနှင့် ABC သတင်း ဌာနများက ထုတ်လွှင့်လျက်ရှိသော သတင်းများကို တန်ပြန်ထုတ်လွှင့်မှုတစ်ခုဖြစ်သော ပိတောက်မြေ အစီအစဉ်ကိုလည်း ထုတ်လွှင့်ခဲ့၏။

ဆည်မြောင်း၊ တာတမံများ၊ တံတားများဖွင့်လှစ်ခြင်း အထိမ်းအမှတ်သတင်းများ၊ သီချင်းများ၊ တွေ့ဆုံမေးမြန်း ခန်းအစီအစဉ်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဌာနတွင် ထိုကာလက အထူးဦးစားပေးထုတ်လွှင့်ခဲ့သော အစီအစဉ်များဖြစ်၏။

မြန်မာနိုင်ငံမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အထောက်အကူပြုရန် “အဖြူ”၊ “အစ၏နိဂုံး အဆုံး၏ နိဒါန်း”၊ “အနာဂတ်များလှစေချင်” ရေဒီယိုဇာတ်လမ်း၊ “မရဏကုန်သည်”၊ “ရောက်ရာဘ၀မှာ ကျေနပ်ပါ” ရုပ်မြင် ဇာတ်လမ်း၊ “နွေးထွေးသောရင်ခွင်၊ အိပ်မက်လှိုင်း၊ ရွှေပေး လို့မရ”စသော လူကုန်ကူးမှု တိုက်ဖျက်ရေးဇာတ်လမ်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပပျောက်စေရေးအတွက် “အသက်တမျှ”၊ “လှေကားသုံးထစ်ဆင်းသည့်အခါ”၊ “ဖဲကြိုး နီ” စသောဇာတ်လမ်းများ၊ သတင်းမှတ်တမ်းများ၊ တွေ့ဆုံမေးမြန်းခန်းစသည်တို့သည် ခေတ်ကာလ အလျောက် နိုင်ငံတော်အစိုးရ၏ မူဝါဒသဘောထား၊ ရပ်တည်ချက်များကို အခြေခံကာ ပြည်သူ့အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ အောင်မြင်တီထွင် ဖန်တီး ထုတ်လွှင့်ခဲ့သော အစီအစဉ်များထဲမှ အချို့ဖြစ်ပါသည်။

ဒီမိုကရေစီကာလတွင်းက မြန်မာ့အသံ

၂၀၁၅ တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်အာဏာကို ရယူပြီးသည့်နောက်ပိုင်း စစ်မှန် သော ငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည် မှု ရရှိရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့၏။ ထိုနိုင်ငံတော်၏ မူဝါဒကို အထောက်အကူပြုနိုင်ရန် ငြိမ်းချမ်းရေးတေးများကို မြန်မာ့အသံမှလည်းကောင်း၊ ရုပ်မြင်သံကြားအစီအစဉ်များ၌ လည်းကောင်း ဦးစားပေး တင်ဆက်ခဲ့ရာ အောင်မြင်ပါစေ မြန်မာပြည်၊ ပန်းတိုင်းပွင့် ပါပြီ၊ သွေးချင်းများစသောတေးများသည် မကြာမကြာ ထုတ်လွှင့်ခဲ့သောတေးများဖြစ်၏။

ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများ၊ NCA သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု အစည်းအဝေးဖွင့်ပွဲ ပိတ်ပွဲများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေ ရေးရည်ရွယ်၍ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခဲ့၏။ ယနေ့ MRTV ၏ NRC Channel သည် တိုင်းရင်းသားများ၏ တေးသံ၊ အကအလှ၊ ရိုးရာဓလေ့များကို တောက်လျှောက် ထုတ်လွှင့်ပေးနေသည့် Channel တစ်ခုဖြစ်ပါသည်။ “သူတို့ဘ၀၊ သူတို့ဒေသ”၊ “မြန်မာ့မြေမှ စိုက်ပျိုးစီးပွား လူမှုဘ၀များ” အစီအစဉ်တို့သည် ရုပ်မြင်သံကြားမှ တောင်ပေါ်နေ ပြည်ထောင်စုဖွားများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခံစားမျှဝေပေးသော အစီအစဉ်များဖြစ်သည်။

ပြည်သူ့အသံအစီအစဉ်သည် ဒီမိုကရေစီကာလ အတွင်း ပြည်သူအများမှ ၎င်းတို့လိုအပ်လိုလားသော ရပ်ရွာ အရေးကိစ္စများကို တင်ပြပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူ များနှင့် မြန်မာ့အသံက ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေး သည့် ကဏ္ဍဖြစ်၍ ပြည်သူအများစိတ်ဝင်စားကြသော ကဏ္ဍ တစ်ခုဖြစ်၏။ ပြည်သူများအနေဖြင့် နိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေများကို ပွင့်လင်းမြင်သာစွာ သိရှိစေရေး အတွက် MRTV ၏ လွှတ်တော် Channel သည် လွှတ်တော် သုံးရပ်ကျင်းပပုံများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြည်သူ့အကျိုးပြုတေးသီချင်းများဖြင့် တစ်လှည့်စီ ဝေဆာမြိုင်ဆိုင်စွာ ထုတ်လွှင့်လျက်ရှိ၏။

၂၀၂၀ ပြည့်နှစ် မတ်လခန့်မှ စတင်၍ COVID -19 ရောဂါပိုးမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပျံ့နှံ့ခဲ့ရာ မူလထုတ်လွှင့်လျက်ရှိသော ပညာပေးတေးသီချင်းများ အစီအစဉ်များသာမက ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အစီအစဉ်များကို အထူးပြုတင်ဆက်ပေးခဲ့ရ ၏။ အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပညာပေးရိုက်ကူးထား သည့် စနစ်တကျ လက်ဆေးခြင်းအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတို့မှ နေ့စဉ်တင်ဆက်ပေးခဲ့၏။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် COVID -19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ စေတနာ့ဝန်ထမ်း များ၏ Video Conferencing၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာရသော စီးပွားရေးသက်ရောက်မှုများ ကုသရေးဆိုင်ရာ များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ အပြန်အလှန် ဆွေးနွေးခန်းများကို တင်ပြထုတ်လွှင့်ခဲ့သည်။ ထို့အပြင် COVID -19 နှင့် သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍများ အပေါ် သက်ရောက်မှုများ၊ COVID -19 ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး စသည်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် Video Conferencing များ ပြုလုပ်ဆွေးနွေးခဲ့ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ပြည်သူကို တိုက်ရိုက် တင်ပြထုတ်လွှင့် ခဲ့၏။

နေ့စဉ်မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ အာဆီယံနိုင်ငံများအတွင်း ဖြစ်ပွားမှုအခြေအနေများ၊ Rဇာနည်၊ ကော်နီ၊ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း စသော တေးသံရှင်များ၊ ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင် စသော ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သီဆို ရိုက်ကူးထားသော ကိုဗစ်- ၁၉ ကာကွယ်ရေးတေးများ၊ ဆောင်ပုဒ်များ ထုတ်လွှင့်တင်ဆက်ပေးခဲ့ရာ ပြည်သူများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့၏။

COVID -19 ကာလ စီးပွားရေးထိခိုက်မှုများ ပြန်လည် ကုစားနိုင်ရေးအတွက် အလုပ်သမားရေးရာကဏ္ဍမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခန်းများ၊ ပြည်ပ ပြန်များအား COVID -19 ရောဂါနှင့်ပတ်သက်သည့် ပညာ ပေးထုတ်လွှင့်မှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်လွှင့်ကြေညာချက်များ၊ COVID -19 ရောဂါနှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် ပတ်သက်၍ ပြင်ပမှ အသိပညာရှင် အတတ်ပညာရှင်များနှင့် ဆွေးနွေးခန်းများ၊ ထို့အပြင် COVID -19 ကာလ အသိပညာပေးလှုံ့ဆော်ရေး အစီအစဉ်များဖြစ်သော အိမ်မှာပဲနေပါ၊ အပြင်မထွက်ပါနဲ့ ရုပ်မြင်ဇာတ်လမ်း၊ တေးသံရှင်များ၊ စာရေးဆရာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ဆွေးနွေးခန်းများကိုလည်း တင်ဆက်ပေးခဲ့ ရ၏။

ယနေ့မြန်မာ့အသံမှ ထုတ်လွှင့်သောအစီအစဉ်များ အနက် “မျှဝေခံစားလူမှုစီးပွား” အစီအစဉ်သည် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် လူမှုဘ၀အခက်အခဲများကို မျှဝေ ခံစား တင်ပြဆွေးနွေးပေးထားသော အစီအစဉ်ဖြစ်သလို “မုသားနောက်ကွယ်က ဘ၀များ” အစီအစဉ်သည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများ အတွက် သိသင့်သိထိုက်သော ဥပဒေအကြောင်းများ၊ လူကုန်ကူးမှုဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို တင်ပြထားသောအစီအစဉ်ဖြစ်ပြီး “လူမှုစာနာပြန်ကြား လွှာ” မှာလည်း ပြည်သူများ တွေ့ကြုံရတတ်သော လူမှု အခက်အခဲကို စာနာစိတ်ကြီးမားစွာဖြင့် ဖြေရှင်းဆွေးနွေး ထားသည့် အစီအစဉ်များဖြစ်သည်။ “ရှင်သန်ခြင်း ကမ်းလက်များ” အစီအစဉ်မှာ ပြည်သူများအား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးမှုအစီအစဉ်ဖြစ်၍ Social Network အစီ အစဉ်မှာလည်း တစ်ပတ်အတွင်း လူမှုကွန်ရက်ပေါ်တွင် ရောက်ရှိလာသော ပြည်တွင်း ပြည်ပသတင်းများကို ပြန်လည်ဖြန့်ဝေ တင်ဆက်ပေး ခြင်းဖြစ်၏။

ပါတီစုံဒီမိုကရေစီကာလသည် ပြည်သူသာလျှင် အခရာ ပြည်သူသာလျှင် အဓိက ဦးစားပေးသော ကာလ ဖြစ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ကဏ္ဍများအနက် BBC Media Action နှင့် ပူးပေါင်း တင်ဆက်သော မျက်မှောက်ရေးရာအဖြာဖြာ၊ ခံစား ကြည့်၊ သက်ဝင်လှုပ်ရှားသတင်းစကား၊ လက်ဖက်ရည် တစ်ခွက်၏ ဒိုင်ယာရီ၊ ရေကြည်ရာစသော ကဏ္ဍများသည် ပြည်သူ့ဘ၀ကိုအလင်းပြ ပြည်သူကိုဗဟိုပြု တင်ဆက် သော ကဏ္ဍများဟု ဆိုရမည်ဖြစ်၏။

ထို့အပြင် သတင်းတု သတင်းမှားတင်ပြခြင်း အစီ အစဉ်မှာ တင်ပြလာသော သတင်းအချို့သည် အတု အမှားများဖြစ်၍ မြန်မာ့အသံမှ ပြည်သူ့အတွက် တိကျ သောသတင်းများ ပြန်လည်တင်ဆက်အသိပေးရသော အစီအစဉ်ဖြစ်ပြီး ယနေ့ ပါတီစုံဒီမိုကရေစီခေတ်ကာလ ကို ထင်ဟပ်စေသည့် အစီအစဉ်ဟု ဆိုရမည်ဖြစ်ပါသည်။ အမုန်းစကားမပြန့်ပွားစေရေး အမုန်းစကားများ မပြော ကြားရေး ယနေ့ Social Media ၏ မလိုလားအပ်သော ထိုးနှက်ချက်များကို ချေဖျက်ပစ်သော မြန်မာ့ရုပ်မြင်သံ ကြား၏ ကာလအလိုက် လှုံ့ဆော်ထုတ်လွှင့်မှုတစ်ခုဖြစ် သည်။

ခေတ်ကာလ၏ တောင်းဆိုချက်များနှင့် “ရန်ကုန်မြို့ တော်တစ်ခွင် သက်တံ့ရောင်စီမံချက်” အစီအစဉ် Yangon Stock Exchange အစီအစဉ်မှလည်း ရှယ်ယာဈေးနှုန်းများနှင့် ငွေလဲလှယ်နှုန်းများ အမြဲ ထုတ်လွှင့်ပေးခဲ့၏။ ထို့အတူ လယ်ယာထုတ်ကုန်နှင့် သစ်သီး၀လံဈေးနှုန်းများကိုလည်း ရွှေဖရုံ၊ ချဉ်ပေါင် ရွက်အဆုံး နေ့စဉ်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိ၏။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မြန်မာနိုင်ငံတော်တွင် မိုးလေ၀သအခြေအနေများ တစ်စထက်တစ်စ ယိုယွင်း ပျက်စီးလာမှုများရှိရာ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ၏ မြစ်ရေကြီးမှုအခြေအနေသတင်း၊ မုန်တိုင်းသတင်း များကိုလိုအပ်လျှင် လိုအပ်သလို တစ်နာရီတစ်ခါ ကြေညာ အသိပေးခြင်း၊ ငလျင်ဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းဖြင့် ပြည်သူ့အတွက် တာဝန်ကျေပွန် ခဲ့၏။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန် တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့်အခမ်းအနားအတွက် တက္ကသိုလ်ဂုဏ်ပြုသည့်အစီအစဉ်များကို လည်းကောင်း၊ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော်ကို ဂုဏ်ပြုတင်ဆက်သည့် အနေဖြင့် ရုပ်ရှင်တေး အပုဒ် ၁၀၀ ကို တစ်ပတ်လျှင် ၁၀ ပုဒ်၊ အပတ်စဉ်သောကြာနေ့တိုင်း MRTV မှ သတင်း အပြီးတွင် လည်းကောင်း၊ ကောင်းနိုးရာရာ ရုပ်ရှင်ကား ဟောင်းများကို လည်းကောင်း၊ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်အစီအစဉ်မှနေ၍ မြန်မာ့ရှပ်ရှင် ရုန်းကန်ကြိုးစား ခဲ့ရပုံများ ဆွေးနွေး မေးမြန်းခန်းကိုလည်းကောင်း တင်ဆက်ခဲ့သည်။

မြန်မာ့အသံအနေဖြင့်လည်း နှောင်းခေတ်ရုပ်ရှင် တေးများ၊ ရုပ်ရှင်ပဟေဠိ၊ အကယ်ဒမီဆုရှင်များနှင့် တွေ့ဆုံခြင်း၊ ကြွေလွင့်ခဲ့ပြီးသော အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိနှင့် တင်ကျန်ခဲ့သော လက်ရာများကို ဇာတ်လမ်း ဇာတ်ကွက် တေးသီချင်းများဖြင့် ရာပြည့် ရုပ်ရှင်ဂုဏ်ပြုအစီအစဉ်များကို ပြည်သူသို့ တင်ပြနိုင် အောင် ကြိုးစားခဲ့၏။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မြန်မာ့ အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှ ရွေးကောက်ပွဲ အကြောင်း သိကောင်းစရာများ၊ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် သိအပ်သည့်ဆောင်ရန် ရှောင်ရန်အချက်များ၊ ဆောင်ပုဒ် များ၊ တေးသီချင်းများကို မပြတ်ထုတ်လွှင့် လှုံ့ဆော်ခဲ့၏။ ထို့အပြင် သိရှိလိုသော ပြည်သူမှ တိုက်ရိုက်မေးမြန်း ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားသော ရွေးကောက်ပွဲ ဆိုင်ရာ အဖြေလွှာအစီအစဉ်မှာလည်း ထိရောက်သော အသိပညာပေးအစီအစဉ်ဖြစ်၏။ အသည်းကြားက မဲတစ်ပြား အတူတူမဲသွားပေးကြစို့၊ တန်ဖိုးရှိသော မဲတစ်ပြား၊ ပြည်သူ့တာဝန်ကျေပါ စသောရွေးကောက်ပွဲ ဆိုင်ရာ တေးများသည် ပြည်သူအကြား ဝဲပျံခဲ့၏။

စင်စစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ခေတ်ကာလနှင့် အခြေအနေအချိန်အခါအလိုက် သတင်း၊ သီချင်းများနှင့် အခြားသော အစီအစဉ်များကို တိုးချဲ့ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖန်တီးတီထွင်ခြင်း များစွာဖြင့် ပြည်သူများအတွက် ထုတ်လွှင့်တင်ဆက်ခဲ့ သည်မှာ ခေတ်အဆက်ဆက်မှ ယနေ့တိုင်အောင်ဖြစ်၍ တင်ပြရန်မှာ လွန်စွာများပြားလှချေသည်။ ယခုတင်ပြ ချက်များမှာ အကြမ်းဖျင်းသာဖြစ်၍ အစီအစဉ်ကောင်းများ များစွာကျန်ရှိပါသေးကြောင်း တင်ပြလိုပါသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် (၇၅)နှစ်တာ ကာလ ဖြတ်သန်းလာရသော ခေတ်အဆက်ဆက်ပေါ်တွင် မူတည်၍ နိုင်ငံရေးလှိုင်းဂယက်များ၊ မူဝါဒအပြောင်းအလဲ များ၊ စီးပွားရေး အလှည့်အပြောင်းများ လူနေမှုသတ်မှတ် ချက်များ၊ စိန်ခေါ်မှုများ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရ ပါသည်။ အပြောင်းအလဲနှင့် စိန်ခေါ်မှုများမည်မျှကြုံတွေ့ရစေကာမူ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေမှုပေး ရန် တာဝန်ကြီး (၃)ရပ်ကို ဦးထိပ်ပန်ဆင်ကာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ စံသတ်မှတ်ချက်များကို ကိုင်စွဲလျက် ပြည်သူ့အတွက် မြန်မာ့အသံဆိုသည့်အတိုင်း ရပ်တည်ရှင်သန်ခဲ့သည်ကို ယခုဆိုလျှင် စာဖတ်သူအနေ ဖြင့် အထင်အရှားမြင်တွေ့နိုင်လောက်ပြီဟု ထင်မြင် မိပါသည်။

တစ်ချိန်က မြန်မာ့ရုပ်သံသည် နိုင်ငံတော်၏ တစ်ခု တည်းသော Electronic Media ဖြစ်ခဲ့သည်။ ယခုအခါ ခေတ်ကာလ အခြေအနေအလျောက် ရုပ်မြင်သံကြား ချန်နယ်များ၊ FM Radio များ၊ Online Media များ များစွာ ပေါ်ပေါက်ခဲ့ပါသည်။ ဆီမီးငယ်လည်း သူ့အချင်း နှင့် သူ့အလင်းနှင့် လမင်းသည်လည်း သူ့အချင်းနှင့် သူ့အလင်းနဲ့ ရှိကြသည်ချည်း ဖြစ်ပါသည်။

ယနေ့ခေတ်လူငယ်များသည် ၎င်းတို့အနာဂတ် အတွက် ရှေ့သို့ အားအင်အပြည့်ဖြင့် ခရီးနှင်လျက်ရှိသည်။ မျှော်လင့်ချက်များ၊ အခွင့်အရေးများ၊ ပန်းတိုင်များက ရှေ့မှ လက်ယပ်ခေါ်လျက်ရှိသည် မဟုတ်ပါလား။ သို့သော် ဆန္ဒဖြင့် မစောစေလိုပါ။ မိမိလျှောက်လှမ်းခဲ့သော ခရီးလမ်းကြောင်းကို တစ်ချက်ငဲ့စောင်းကြည့်စေချင်ပါ သည်။ အတိတ်ထဲကအဟောင်းများ၏ နွံတွင် နစ်မျောနေဖို့ မဟုတ်ပါ။ ကောင်းခဲ့သည့် အတိတ်အကြောင်းများဖြင့် ထည်ဝါတတ်ကြစေရန်၊ ဂုဏ်ယူတတ်ကြ၊ အတုယူ ထိန်းသိမ်းတတ်ကြစေရန် ဖြစ်ပါသည်။ ။