အရသာထူးကဲကောင်းမွန် ရှမ်းရိုးရာ မိုင်းယောင်း “လါမ်းဟွေတ်”ဟင်းလျာ

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

 

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဟင်းလျာများသည် အခြေခံအားဖြင့် အရသာကောင်းတာချင်း တူညီကြသော်လည်း ရွှေမိုင်းယောင်းသားတို့၏ တိုင်းလိရိုးရာအစားအစာ မိုင်းယောင်း “လါမ်းဟွေတ် ” ဟင်းလျာသည် အရသာ ထူးကဲကောင်းမွန်ခြင်းကြောင့် ရှမ်းအရှေ့တွင် လူကြိုက်များပြီး ထင်ရှားသော ရှမ်းရိုးရာအစားအစာ ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

 

အေးမြကြည်လင်သန့်ရှင်းသည့် စမ်းချောင်းထဲမှ လတ်လတ်ဆတ်ဆတ် ရရှိလာသော ဖားတစ်ပိုင်းငါး တစ်ပိုင်းများကို ကြက်ဥ၊ ပင်စိမ်းရွက်၊ ဆား၊ ဟင်းခပ်မှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ချင်း၊ ပဲပုတ်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ကြိတ်မှန်၊ စပါးလင် စသည့် ဟင်းခပ်အမွေးအကြိုင်များနှင့် ဝါးပြာကျည်ထောက် တစ်ခုထဲတွင် ရောမွှေထည့်ပြီးလျှင် လုံအောင်ပိတ်၍ နာရီဝက်၊ တစ်နာရီကြာ ကျက်အောင်ပေါင်းပြီးလျှင် စွဲငြိဖွယ်ရာ အနံ့အရသာများနှင့် ပြည့်စုံသော “လါမ်းဟွေတ်”ဟင်းလျာ စား၍ရပြီဖြစ်သည်။

 

“လါမ်း” ဆိုတာက ရောမွှေချက်ခြင်းကို ခေါ်ဆိုပြီး “ဟွေတ်” ဆိုတာက ဖားတစ်ပိုင်းငါးတစ်ပိုင်းကို ခေါ်ဆိုတာဖြစ်ပါသည်။ ဝါးပြာဆိုတာက အခက်အလက် နှင့် အရွက်အနည်းငယ်သာ ထွက်သည့် ၁၅ ပေ၊ ပေ ၂၀ ခန့်မြင့်သော ဝါးပင်တစ်မျိုးဖြစ်သည်။

 

ဖားတစ်ပိုင်းငါးတစ်ပိုင်းပေါ်ချိန်ရောက်မှ တစ်နှစ်လျှင် တစ်ခါ “ပိုင်းကင်လါမ်းဟွေတ်” “ပိုင်း”ဆိုတာ “သွားကြမည်” ဖြစ်၍ “ကင်” သည် “စားကြမည်” ဖြစ်သဖြင့် “ပိုင်းကင်လါမ်းဟွေတ်”၏ အဓိပ္ပာယ်မှာ “လါမ်းဟွေတ်” “ဟင်းလျာ သွားစားကြမည် ဖြစ်သည်။

 

မိုင်းယောင်းတွင် အနံ့အရသာနှင့် ထူးကဲကောင်းမွန်သော ဒေသရိုးရာအစားအစာ “လါမ်းဟွေတ်” ဟင်းလျာကို မိတ်ဆွေသူငယ်ချင်းများ၊ ညီအစ်ကိုမောင်နှမများ၊ ချစ်ခင်သူများဖြင့် ပျော်ရွှင်စွာ အထူးပြုလုပ် စားသုံးလေ့ရှိကြောင်း သိရသည်။