အသစ်ဖွဲ့စည်းလိုက်တဲ့ လက်ဘနွန်အစိုးရအဖွဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုများ

ထွန်းသစ်စ

ယနေ့နိုင်ငံတကာဇာတ်ခုံမှာ လက်ဘနွန်နိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို အသစ်ဖွဲ့စည်းလိုက်တဲ့ လက်ဘနွန်အစိုးရအဖွဲ့ဟာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ၊ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေဟာ လက်ဘနွန်နိုင်ငံအတွက် ကျော်လွှားရမယ့် စိန်ခေါ်မှုတွေဖြစ်သလို အကျပ်အတည်းတွေဆိုရင်လည်း မမှားပါဘူး။

အကူအညီတွေ လိုအပ်နေတဲ့အချိန်

လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ဆက်ဟာရီရီနေရာမှာ အစားထိုးပြီး ဝန်ကြီးချုပ်သစ်အဖြစ် ပခုံးပြောင်းတာဝန်ယူခဲ့တဲ့ ဟက်ဆန်ဒူဘ်ဟာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို လုပ်ဆောင်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့်လည်း ဆန္ဒပြသူတွေက လက်မခံဘဲ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။

ပထမဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဟက်ဆန်ဒေ့ဘ်အတွက်ကတော့ အခုလိုမျိုး ပြဿနာတွေဟာကျော်လွှားဖို့ ခက်ခဲတဲ့အခြေအနေတွေလို့ ဆိုနိုင်ပေမယ့်လည်း သူ့မှာ ဒီထက်ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ၆၁ နှစ်ကြာ ကျင့်သုံးလာ ခဲ့တဲ့ ပညာရေးဟာလည်း ဆုံးခန်းတိုင်တော့မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် နိုင်ငံကို လွှဲပြောင်းယူလိုက်ရတဲ့ သူ့ရဲ့အခြေအနေဟာလည်း ဆိုးရွားလှပါတယ်။ “ယနေ့ လက်ဘနွန်နိုင်ငံရဲ့ အခြေအနေဟာ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အဆုံးသတ်ရတော့မယ့် အနေအထားကို ရောက်နေပါတယ်”လို့ ဝန်ကြီးချုပ်သစ်က ပြောပါတယ်။ ထို့အပြင် လက်ဘနွန်နိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ဆက်လက်ပြီးပြောပါ တယ်။

အစိုးရရဲ့ နောက်ဆုံးခိုကိုးရာဆိုတဲ့ သတင်းခေါင်းစဉ်ဟာ အင်အားတောင့်တင်းတဲ့ ဟစ်ဇ်ဘိုလာ လှုပ်ရှားမှုနဲ့ နီးကပ်ဆက်နွယ်နေတဲ့ သတင်းစာဖြစ်တဲ့ အယ်လ်-အာဘာဆိုတဲ့ နေ့စဉ်သတင်းစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာလှုပ်ရှားမှုဟာ လွန်ခဲ့တဲ့လက ဒူဘ်ကို ဝန်ကြီးချုပ်ရာထူးရရှိအောင် ကောင်းချီးပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

အီရန်ထောက်ပံ့ခံ အဖွဲ့အစည်းအပေါ် အနောက်နိုင်ငံက ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့်လည်း လက်ဘနွန်အစိုးရသစ်ဟာ အကူအညီတွေ အလွန်လိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်လို့ စီးပွားရေးသမားတွေက ပြောလာကြပါတယ်။

ပညာရှင်တွေပါဝင်တဲ့အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့တောင်းဆို

လက်ဘနွန်အစိုးရသစ်ဖွဲ့စည်းမှုအပေါ် အရေးတယူလုပ်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က လက်ဘနွန်နိုင်ငံအနေနဲ့ ဖြတ်သန်းနေရတဲ့ ဒီလိုပဋိပက္ခတွေကို ကူညီမှုများ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ လုပ်စရာတွေ တန်းစီပြီးထွက်ပေါ်လာတဲ့ ဆွေးနွေးပွဲကို ဟစ်ဇ်ဘိုလာနဲ့ သူ့ရဲ့မဟာမိတ်တွေက အများဆုံး ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကိုတော့ ဝန်ကြီးချုပ်ဟောင်း ဆက်ဟာရီရီနဲ့ သူ့ရဲ့တချို့မိတ်ဆွေတွေ မတက်ရောက်ခဲ့ပါဘူး။

ဂိုဏ်းဂဏစွဲတွေများလှတဲ့ နိုင်ငံရေးလွှမ်းမိုးနေတဲ့ လက်ဘနွန်နိုင်ငံမှာ အောက်တိုဘာလလယ်လောက်က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကိုလည်း အဆုံးသတ်ချင်နေလှပါပြီ။ ဆော့ဒ်ဟာရီရီနဲ့ သူ့အစိုးရဟာ နိုင်ငံရေးစနစ် အပြည့်အဝ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့နဲ့ ပြည်သူ့ကိုယ်စားပြု နိုင်ငံသစ်တစ်ခု ပေါ်ပေါက်လာဖို့ တောင်းဆိုနေတဲ့ဆန္ဒပြမှုတွေကြောင့် ရက်သတ္တနှစ်ပတ် မတိုင်ခင်ကဘဲ နုတ်ထွက်သွားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ တိုင်းပြည်တစ်ပြည်မှာ တွေ့ရတဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အရည်အသွေးမပြည့်မီမှုတွေ၊ ကျွမ်းကျင်မှု မရှိမှုတွေကို ပထမဆုံးအနေနဲ့ အမြစ်ကဆွဲနုတ်ဖို့ အမှီအခိုကင်းတဲ့ နိုင်ငံရေး၊ စက်မှုကဏ္ဍတို့မှာ အရှိန်အဝါကြီးတဲ့ သိပ္ပံပညာရှင် ဒါမှမဟုတ် စက်မှုပညာရှင်တွေ ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ဟက်ဆန်ဂျေဘီဟာ ဂုဏ်သတင်းကြီးတဲ့ American University of Beirut (AUB)က ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာ တကယ့်ပညာရှင်တစ်ဦး ပါဝင်လာပါပြီလို့ သူက ပြောပါတယ်။ ဆန္ဒပြသူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ကိုယ်စားပြုနေမှသာ ဒါဟာ အစိုးရတစ်ရပ် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းအားရှိရှိဖွဲ့စည်း

နိုင်ငံရေးမှာအမြတ်ရရေး သမားရိုးကျနိုင်ငံရေး ဂိုဏ်းဂဏတွေအကြား နိုင်ငံရေးဆွေးနွေးမှုတွေဟာ အချိန်ကာလ ကြာညောင်းခဲ့သော်လည်း အရာမထင်တာတွေဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဒီအခြေအနေကို သိနေပါပြီ။ သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ အာမက်က မိမိတို့အနေနဲ့ အကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတွေအစား အကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ မိတ်ဆွေတွေကို ရရှိမှာလားလို့ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ တာယာတွေကို မီးရှို့ခြင်းနဲ့လမ်းတွေကိုပိတ်ပြီး သူတို့ရဲ့ မကျေနပ်တဲ့ဆန္ဒတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ရဲတွေနဲ့ပဋိပက္ခတွေဖြစ်ပြီး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြမှုတွေဟာ ထရီပိုလီက စတင်ခဲ့ပြီး ဆိုင်ဒွန်၊ ဘိုင်ဘလော့စ်နဲ့တခြားမြို့တွေအထိ ဖြစ်ပွားခဲ့ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာတော့ နိုင်ငံရေးမျက်နှာသစ်တွေ၊ ပညာရှင်တွေနဲ့ ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်တွေပါဝင်ခဲ့ကြပါတယ်။ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး ၂၀ ပါဝင်လာပြီး ခြောက်ဦးက အမျိုးသမီးတွေဖြစ်ကာ သူတို့ထဲ က ဇိုင်နာအကာဆိုသူ အမျိုးသမီးကတော့ လက်ဘနွန်နိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်လာမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းအားရှိရှိ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ

အဆိုးရွားဆုံးကတော့ လက်ဘနွန်နိုင်ငံမှာ စီးပွားရေးဟာ အကျဘက်ကို ရောက်နေတာဖြစ်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအနေနဲ့ ဒီအရေးတွေ ကိုဖြေရှင်းရဦးမှာဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံမှာ လတ်တလောမှာ ငွေပေါ် လွယ်မှုပြဿနာတွေ ဖြစ်ပွားလျက်ရှိကာ အဲဒါက ဘဏ်တွေရဲ့ ငွေကြေးထိန်း ချုပ်နိုင်စွမ်းကို ကမောက်ကမဖြစ်စေပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုအချိုးဟာ ကမ္ဘာ့ အဆိုးရွားဆုံးဖြစ်နေပြီး အနာဂတ်မှာ ငွေရေးကြေးရေးအခက်အခဲတွေ ဖြစ် ပေါ်မယ့်အခြေအနေနဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေတဲ့အတွက် နိုင်ငံခြားကြွေး မြီတွေကို ဘယ်လိုပြန်လည်ပေးဆပ်မလဲဆိုတာနဲ့ပတ်သက်ပြီး စီးပွားရေး ကျွမ်းကျင်သူတွေအကြားမှာ ဝိဝါဒတွေ ဖြစ်ပွားလျက်ရှိပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်လာရင်တော့ ဒါဟာ မိမိတို့ရဲ့ အရေးကြီးဆုံး ဦးစားပေးကိစ္စရပ်တစ်ခုပဲဖြစ်တယ်လို့ ဝန်ကြီး ချုပ်သစ်က ပြောကြားလိုက်ပါတယ်။ အဲဒါကိုအချိန်ပေးဖို့ လိုတယ်လို့လည်း သူကဆက်ပြောပါတယ်။

လက်ဘနွန်နိုင်ငံမှာရှိတဲ့လုပ်ငန်းအတော်များများမှာ အမေရိကန်ဒေါ်လာတွေနဲ့ လည်ပတ်လျက်ရှိပြီး ကုန်ပစ္စည်းအများစုကို ပြည်ပမှ တင်သွင်းခံနေရတာကြောင့် နိုင်ငံရဲ့ငွေကြေးဟာ အတားအဆီးမရှိ ကျချင်တိုင်းကျနေတဲ့အတွက် စားသုံးသူနဲ့စီးပွားရေးဈေးကွက်ဟာ တကယ့်ကို ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ။

ဒါတွေကတော့ လတ်တလောလက်ဘနွန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒီလိုအကျပ်အတည်းတွေဖြစ်နေတဲ့ နိုင်ငံကို အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရက ဘယ်လိုမူဝါဒတွေ သုံးပြီး ရုန်းကန်လှုပ်ရှားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ကိုးကား-အေအက်ဖ်ပီ