အသင်းပြောင်းရွှေ့ကစားဖို့ မအောင်မြင်ခဲ့တဲ့ မက်ဆီ ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာ

ဘာစီလိုနာအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိ ကလပ်အသင်းကနေ ပြောင်းရွှေ့ကစားဖို့ မအောင်မြင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့အတူ လေ့ကျင့်ရေးကွင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

 

အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးမက်ဆီဟာ ဩဂုတ် ၂၅ ရက်က အသင်း ပြောင်းရွှေ့ကစားဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘယ်အသင်းဆီကိုမှ ပြောင်းရွှေ့ကစားတော့မှာ မဟုတ်တော့ဘူးလို့အတိအလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်ကိုးမန်း ရောက်ရှိလာခဲ့ပြီးနောက် တိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာအသင်း ကစားဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်မှာ စတင်ကစားရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 

တိုက်စစ်မှူးမက်ဆီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဘာစီလိုနာအသင်းက ရှစ်ဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အပြီး ကိုးရက်မြောက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကလည်း မက်ဆီကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

ငွေကြယ်-ရေးသားသည်