ဘားအံမြို့နယ်တွင် မေ ၁၈ ရက်မှ နိုဝင်ဘာ ၂၆ ရက်ထိ ကိုဗစ် - ၁၉ အတည်ပြုလူနာ ၃၀၃ ဦးရှိပြီး ၆ ဦးသေဆုံး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

ဘားအံ ၂၇ နိုဝင်ဘာ 

ဘားအံမြို့နယ်တွင် မေ ၁၈ ရက်မှ နိုဝင်ဘာ ၂၆ ရက်ထိ ကိုဗစ် - ၁၉ ပိုးတွေ့အတည်ပြုလူနာ ၃၀၃ ဦးရှိပြီး ၆ ဦးသေဆုံးခဲ့ကာ ယခုအခါ ဘားအံပြည်သူဆေးရုံ၊ ဘားအံတိုင်းရင်းဆေးရုံ (Covid Center) နှင့် ဘားအံပညာရေး ကောလိပ် (Covid Center) တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ် - ၁၉ အတည်ပြုလူနာ ၆၉ ဦးရှိနေကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘားအံမြို့တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှု့သည့် လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ တတိယပတ်ခန့်မှစ၍ Microplan များရေးဆွဲ၍ Mask Campaign များပြုလုပ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ထုတ်ပြန်ချက်များအား လိုက်လံဆော်ဩပေးခြင်း၊ ဘားအံမြို့ အဝင်အထွက် ဂိတ်များနှင့် ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းများ စသည်ဖြင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့၏ လူစည်ကားရာဈေးများ၊ လမ်းများ၊ မြို့အဝင်အထွက် ဂိတ်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပညာရေး၊ လူမှုဝန်ထမ်း၊ မီးသတ်၊ ရဲ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ သူနာပြုနှင့် သားဖွားအသင်းတို့ ပူးပေါင်း၍ Mask Campaign များကို နေ့စဉ် မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဆောင်ရွက်လျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ် - ၁၉ ညွှန်ကြားချက်များအား အသိပညာပေး နှိုးဆော်ပေးခြင်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

မြို့အဝင်အထွက်ဂိတ်များနှင့် သတ်မှတ်နေရာများတွင် ကုန်တင်ကား ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအား RDT test kit ဖြင့် ပိုးရှိ/ မရှိ စစ်ဆေးပေးခြင်း၊ ပိုးတွေ့ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိသူများကို ဓာတ်ခွဲစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)