ဘာသာစာပေပေါင်းကူး(၉)

ာိည

မောင်ခင်မင် (ဓနုဖြူ)

 

“ ကဲ... သမီးရေ၊ ဘာသာစကားနဲ့စာပေ အပြန်အလှန် ဆက်သွယ်နေပုံတွေကို သာဓကတွေနဲ့ ဘဘပြောခဲ့တာ။ သမီးသဘောပေါက် လောက်ရောပေါ့”

 

“သဘောပေါက်ပါတယ် ဘဘ”

“ဒီတော့ နောက်တစ်ဆင့် လေ့လာစရာကလေးတွေ ပြောကြရအောင်။ ဘာသာစကားက စာပေကို ဘယ်လိုအကျိုးပြုသလဲဆိုတဲ့ အပိုင်းရယ်၊ စာပေကဘာသာစကားကို ဘယ်လိုအကျိုး ပြုတယ်ဆိုတဲ့အပိုင်းရယ်ပေါ့”

 

“စိတ်ဝင်စားစရာကောင်းပါတယ် ဘဘ၊ သမီး လေ့လာချင်ပါတယ်။”

 

“ပထမဆုံး ဘာသာစကားက စာပေကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ စဉ်းစားကြည့်ရအောင်။ မြင်သာတာတစ်ခုက စာဆိုတွေဟာ စိတ်ကူးကောင်းကောင်းနဲ့ စကားလုံးကလေးတွေကို တွဲစပ်ပြီး ဖွဲ့ခဲ့ကြလို့ အဲဒီစကားအတွဲအစပ် ကလေးတွေဟာ စာပေထဲမှာ အင်မတန်လှပတဲ့ အလှကွက်ကလေးတွေ ဖြစ်နေတာလေ”

 

“ဪ..ဟုတ်ကဲ့ပါ”

 

“အဲဒီလို ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ကစားနိုင်တဲ့ စာဆိုတွေထဲမှာတော့ ရှင်မဟာရဋ္ဌသာရဟာ အစောဆုံးလို့ ဆိုရမှာပေါ့ကွယ်။ ဆရာတော်ရဲ့ ရတုတွေ သမီးသင် ဖူးတယ်မဟုတ်လား”

 

“သင်ဖူးပါတယ် ဘဘ”

 

“ကဲ...ပြန်စဉ်းစားကြည့်ရအောင်။ “ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍..” အစချီတဲ့ရတုကို သမီးမှတ် မိရင် ဆိုပြစမ်းပါ”

 

“ဟုတ်ကဲ့၊ ငါးဆူရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာ မြွာလျက်၊ တစ်ပင်နက်ဝယ်၊ ငါးဆက်ဖူးငုံ၊ ပေါ် လတ်တုံက...”

 

“ရပါပြီ၊ ရပါပြီ။ ဒီရတုမှာ ဘာသာစကားသုံးပုံ ဘာထူးခြားသလဲ”

 

 “ ‘ငါး’ ဆိုတဲ့ စကားလုံးကို လေးလုံးစပ်ပုံစံမှာ တစ်ပိုဒ်ခြားတိုင်း အစမှာ ထည့်ပြီးဖွဲ့တာပါ ဘဘ”

 

“ ဟုတ်ပါတယ်။ ‘ငါးဆူရွှေကြား’ ကစပြီး ‘ငါး’ ဆိုတဲ့ စကားလုံးနဲ့ စတဲ့အပိုဒ်တွေကို တစ်ပိုဒ်ခြားဖွဲ့ တဲ့ပုံစံပေါ့။ အဲဒီလိုပဲ၊ သမီးသိမှာပါ၊ ‘ချစ်ဆုံမက်၍၊ သက်ထက်ဆယ်ပြန်၊ ချစ်ခြင်းလွန်သား၊ ရဲအားမြောက်ခေါင်၊ ချစ်ဆွေမောင်လျှင်’ ဆိုပြီး ‘ချစ်’ဆိုတဲ့ စကားလုံးကိုလဲ တစ်ပိုဒ်ခြားအစမှာ ထည့်ပြီးဖွဲ့ ထားတာလေ။ အဲဒီလို စကားလုံးတူတွေ တစ်ပိုဒ် ခြားဖွဲ့တဲ့အဖွဲ့ကို ဘယ်လိုနာမည်ပေးသလဲ၊ သမီး မှတ်မိလား”

 

“ပဒုမ္မာကြာဆိုနည်းလို့ နာမည်ပေးပါတယ် ဘဘ”

 

“စာဆိုကိုယ်တိုင်က ပေးတဲ့နာမည်လား၊ နောက်လူတွေက ပေးတဲ့နာမည်လားတော့ မသိဘူးပေါ့ကွယ်။ ဖွဲ့နည်းတွေကို အဲဒီလိုနာမည်လှလှ ကလေးတွေ ပေးထားတယ်ဘွဲ့”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ...နောက်တစ်မျိုးကြည့်ရအောင်။ ‘ရွယ်ရန် ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီမျှ ရဝိကန္တ၊ ရတနသို့’ အစချီပြီး အပိုဒ်တိုင်းကို ‘ရ’နဲ့စပြီးဖွဲ့တယ်။ အဆုံးအထိပဲ။ အဆုံးမှာ ‘ရှိဦးတင်၍၊ ရယ်ခွင်နိဗ္ဗာန်၊ ရောက်အံ့မှန်သည်၊ ရွယ်ရန်ရည်ရှု ရွေးရှာသော’ လို့ ‘ရ’တွေနဲ့ အဆုံးသတ်လိုက်တယ်။ အဲဒီ အဖွဲ့ကိုတော့ ‘မုမမတ္တရွဲသီရေးနည်း’ လို့ နာမည်ပေး တယ်ကွဲ”

 

“ဟုတ်ကဲ့ပါ ဘဘ”

 

“နောက်တစ်ပုဒ်ကသမီးရမှာပါ။ ‘မြတ်မျိုးမြင့် မှန်’လို့ စတယ်လေ။”

 

“ရပါတယ်ဘဘ။ ‘မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်တင့်သား၊ နတ်နှင့်နှုန်းနှန်း၊ ဝင်းငြိမ်းရွှန်း၍၊ လှလွန်းလွန် လှည့်၊ ငါးကြန်ပြည့်လို့....”

 

“ရပါပြီ၊ ရပါပြီ။ ဖွဲ့ပုံဘယ်လိုထူးခြားသလဲ။ ပြောပြပါအုံး”

 

“ဘဘ၊ လေးလုံးတစ်ပိုဒ်ခြားစီ၊ စာလုံးတူ လေးလုံးစီတွဲပြီး ဖွဲ့ထားတာပါ ”

 

“ဟုတ်တယ်။ ဒါကပုံစံတစ်မျိုးပေါ့။ စစချင်း ‘မြတ်မျိုးမြင့်မှန်’ ဆိုပြီး ‘မ’လေးလုံးနဲ့ဖွဲ့တယ်။ ပြီးတော့ ရ၊ န၊လ စသည်ဖြင့် အသံတူ လေးလုံးတွဲတွေ တစ်လှည့်စီဖွဲ့ထားပါတယ် ဘဘ"

 

“အဆုံးသတ်ပုံရော၊ သမီးမှတ်မိသလား”

 

“မှတ်မိပါတယ် ဘဘ၊ “လွမ်းလင့်လွန်လှည့် လေလိမ့်လော” ဆိုပြီး ‘လ’ ခုနစ်လုံးနဲ့အဆုံး သတ်ထားတာပါ”

 

“ဒီဖွဲ့နည်းကိုတော့ ပုလဲတစ်တန့်၊ သန္တာတစ်တန့်ဆိုနည်းလို့ နာမည်ပေးထားတယ် မဟုတ်လား”

 

“ဟုတ်ပါတယ် ဘဘ”

 

“နောက်တစ်မျိုးကတော့ ‘သန်လျက်ချနည်း စာ’လို့ နာမည်ပေးထားတယ်”

 

“ဟုတ်ကဲ့”

 

“သုံးပိုဒ်ပါတဲ့ ရတုပဲ။ ပထမပိုဒ်မှာ ‘ဆင်းကျ ဆင်းထွတ်၊ လှထွက်လှမော၊ တူလျောတူဖက်၊ တူစက်ပြိုင်အံ့’ လို့စတယ်။ ဒုတိယပိုဒ်မှာ ‘ဖက်ချစ် ရမ်းချစ်၊ တမ်းချစ်ချစ်ပျော်၊ ယှဉ်သော်ယှဉ်စုံ၊ ယှဉ်နွှဲတုံ၍’ လို့ စတယ်။ တတိယပိုဒ်မှာ ‘စံတု စံကင်း၊ တုကင်းတုမဲ့၊ ရှိမ်းလဲရှိမ်းညို။ ရှမ်းပျိုပြာချော’လို့စတယ်။ ဒီစာအုပ်ထဲမှာပါတယ်။ ရေးဖွဲ့ထားတဲ့ အဆင်အကွက် ထင်ရှားအောင် ဘဘက ဖတ်ပြတာပါ။ ဘယ်လောက်လှသလဲနော်”

 

“ဟုတ်ပါတယ် ဘဘ၊ ခုခေတ်ကဗျာဖွဲ့တဲ့ သူတွေ နမူနာယူစရာတွေ အများကြီးပဲလို့ ထင်ပါတယ်”

 

“ရှေ့ ပိုဒ်အဆုံးနဲ့ နောက်ပိုဒ်အစကို တစ်ပိုဒ်နဲ့ တစ်ပိုဒ် ချိတ်ပြီးဖွဲ့တာမျိုးလဲ ရှိတယ်ကွဲ။ ‘လွှမ်း ဘုန်းကျော်’ လို့ သုံးလုံးနဲ့စပြီး ‘ပေါ်ထင်လွှမ်း’လို့ သုံးလုံးနဲ့ ဆုံးတယ်။ နောက်တစ်ပိုဒ်ကို ‘လွှမ်းထင်ပေါ်’ လို့ပြန်စတယ်။ ‘ကြေညာလွှမ်း’ လို့ ဆုံးတယ်။ နောက်တစ်ပိုဒ်ကို ‘လွှမ်းညာကြေ’ လို့ ပြန်စပြီး ‘ပတ်ဝန်းလွှမ်း’ လို့ဆုံးတယ်။ နောက်ဆုံးအပိုဒ် ကျတော့ ‘လွှမ်းဝန်းပတ်’ လို့ ပြန်စပြီး ‘ကျော်ဘုန်း လွှမ်း’ လို့ ဆုံးတယ်။ ပထမပိုဒ် ‘လွှမ်းဘုန်းကျော်’ နဲ့ စကားလုံးတူ ပြန်ဆုံးတာလေ။ ဖွင့်တဲ့စကားလုံးတွေနဲ့ ပြန်ပိတ်တာမို့  အဖွင့်အပိတ်ညီပြီး တစ်ပတ်လည်သွားတာပေါ့ကွယ်။ အဲဒီစာကို ‘နဝဘာ အင်းဆိုနည်း’ လို့ နာမည်ပေးတယ်”

 

“တော်တော် သဘောပေါက်သွားပါပြီဘဘ"

 

“ရှင်မဟာရဋ္ဌသာရဟာ လေးလုံးစပ်အဖွဲ့တွေ အများကြီးဖွဲ့တာ သမီးအသိပဲ။ အဲဒီမှာ ထူးထူးခြားခြား သုံးလုံးစပ်အဖွဲ့တို့၊ ငါးလုံးစပ် အဖွဲ့တို့လဲ ဖွဲ့ခဲ့သေးတယ်ကွဲ”

 

“သုံးလုံးစပ်အဖွဲ့က သုံးလုံးတစ်ပိုဒ်စီကာရန် ယူပြီးဖွဲ့တဲ့အဖွဲ့ပဲ။ ‘မိန့်သည်မှာ၊ နာလော့နား၊ ဓားမြက်မြက်၊ ထက်အောင်သွေး’လို့ သုံးလုံး တစ်ပိုဒ် ကာရန်ယူသွားပြီး အဆုံးမှာ ‘မှာလိုက်မည်။ သည်အကြောင်း၊ ကောင်းကောင်းကျင့်’ လို့ အဆုံးသတ်ထားတယ်။ ‘ဝဲရိုက်ဝဲသွင်းဆုံးမစာလင်္ကာ’ လို့ အစဉ်အဆက် မှတ်သားကြတယ်ကွဲ”

 

“ဖွဲ့ပုံက တော်တော်လှတယ်နော်”

 

“ဆုံးမစာဆိုတော့ လူငယ်တွေ ပေါ့ပေါ့ပါးပါး ဖတ်ပြီး နားဝင်လွယ်အောင် ဖွဲ့ထားတယ်လို့ ဆိုရမှာပေါ့ကွယ်”

 

“ ဟုတ်ကဲ့ပါ”

 

* ငါးလုံးတစ်ပိုဒ်အဖွဲ့ကတော့ သမီးသိပါ တယ်။ ‘ဝဏ္ဏပဘာ’ နဲ့ စတယ်လေ”

 

“ ဟုတ်ကဲ့၊ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်ချစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်ပျို့ ကို...”

 

“ဟုတ်ပါပြီ။ ဖွဲ့ပုံကိုကြည့်ရင် လေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ် တစ်လှည့်စီဖွဲ့ ထားတာတွေ့နိုင်ပါတယ်။ ရတုသုံးပိုဒ်စလုံး အဲဒီပုံစံဖွဲ့ထားတာ။ မိန်းကလေးတစ်ယောက်ရဲ့ အလှကိုဖွဲ့ထားတာ သရုပ်ပေါ်တယ်။ စာဆိုရဲ့ ထင်ရှားတဲ့ရတုပါပဲ။ အဲဒီရတုကို ဘယ်လိုနာမည်ပေးထားသလဲ၊ သမီး သိတယ် မဟုတ်လား”

 

“သိပါတယ် ဘဘ။ ‘တောင့်တဲတွန့်ရတု’လို့ နာမည်ပေးပါတယ်”

 

“တောင့်တဲတွန့်ဆိုတာက ပိုးတောင့်တဲဆိုတဲ့ ပိုးကောင်ကလေးတွေရဲ့ အမူအရာနဲ့တင်စားပြီး နာမည်ပေးတာပါ။ ပိုးတောင့်တဲလို့ခေါ်တဲ့ ပိုးကောင်ကလေးတွေက ကိုယ်ကိုတွန့်လိုက်၊ နဂို အတိုင်း ပြန်နေလိုက်လုပ်ပြီး သွားတတ်တာမို့ ဒီရတုမှာ လေးလုံးဖြစ်လိုက်၊ ငါးလုံးဖြစ်လိုက် ပုံစံဟာ ပိုးတောင့်တဲကလေးတွေ ကိုယ်ကိုတွန့်တွန့်ပြီး သွားတဲ့ပုံစံနဲ့တူလို့ ဒီနာမည်ပေးတာလေ”

 

“ဟုတ်ကဲ့ပါ”

 

“ဒီတော့ ဘာပြောချင်တာက စာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရက ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တွဲစပ်ပြီး အဆင်အကွက် အမျိုးမျိုး ဖော်ခဲ့တဲ့ အဖွဲ့တွေဟာ မြန်မာစာပေမှာ အစဉ် အဆက်နှစ်သက်ခဲ့ကြတဲ့ အလှကွက်တွေအဖြစ် ဒီနေ့အထိထင်ရှားနေတာမို့ ဒါဟာ ဘာသာစကား က စာပေကိုအကျိုးပြုတဲ့ သာဓကတစ်ခုပဲလို့ မှတ်သားဖို့ပါပဲကွယ်”

 

“ဟုတ်ကဲ့ပါ ဘဘ”