ဘောလည်ကျွန်းရှိ အိမ်ထောင်စု ၇၀၅ စုအား တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည် ထောက်ပံ့လှူဒါန်း

ရန်ကုန် ၂၀ စက်တင်ဘာ

ကိုဗစ်-၁၉ ဒုတိယအကြိမ် သက်ရောက်စဉ်ကာလတွင် သွားလာရေးခက်ခဲသော ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဘောလည်ကျွန်းရှိ မဲသမိန်ကျေးရွာအုပ်စုမှ အိမ်ထောင်စု ၇၀၅ စုအား တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည်ဖြင့် ကြည့်မြင်တိုင်ညဈေးအနီးရှိ ရေခဲစက်လုပ်ငန်းရှင်တစ်ဦးက အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဘောလည်ကျွန်းဆိုတာ ရေပတ်လည်ဝိုင်းပြီး ကုက္ကိုလ်ဝမြစ်ဘေးမှာရှိတဲ့အတွက် အခုလိုကာလမှာ သွားလာရေး ခက်ခဲကြတယ်။ ရေလမ်းပဲအားကိုးရတယ်ဆိုတော့ မြို့တက်ပြီးသွားဖို့ အဆင်မပြေတဲ့အချိန်မှာ တစ်အိမ်ထောင် ဆန်ရှစ်ပြည် လှူဒါန်းတဲ့အတွက် အိမ်ထဲမှာ ၁၀ ရက်ကျော် စားနိုင်တာကြောင့် အလှူရှင်ကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု မဲသမိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

ဘောလည်ကျွန်း မဲသမိန်ကျေးရွာအုပ်စုတွင် ကျေးရွာလေးရွာရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ၍ လူဦးရေ ၃၅၀၀ ကျော်ရှိကာ အနီးဆုံးရေလမ်းဖြင့် ထန်းတပင်မြို့နယ်သို့ စက်လှေဖြင့် နှစ်နာရီခန့် သွားလာရသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုကို ကျေးလက်နေပြည်သူများ လိုက်နာကြလျက်ရှိရာ ပြင်ပသွားလာမှု နည်းပါးသည့်အတွက် စားသောက်ကုန်တွင် အဓိကလိုအပ်သော ဆန်လာရောက်လှူဒါန်းမှုကို အားရကျေနပ်လျက်ရှိကြောင်း သိရသည်။

“အခုလိုအခက်အခဲဖြစ်နေချိန်မှာ နိုင်ငံတော်ကို စီးပွားရေးလုပ်ငန်းရှင်များ တတ်စွမ်းသမျှ ဝိုင်းဝန်းလှူဒါန်းနေတာ တွေ့ရတာကြောင့် ကျွန်တော်တို့လို အသေးစားလုပ်ငန်းစုတွေလည်း နိုင်သလောက် ဝန်းရံမယ်ဆိုတဲ့စိတ်နဲ့ သွားလာ‌ရေးခက်ခဲတဲ့ ဘောလည်ကျွန်းက ကျေးရွာများကို သွားရောက်လှူဒါန်းဖြစ်တာပါ။ တစ်ကယ်လိုအပ်နေတာ မြင်ရတော့ တစ်ဖက်တစ်လမ်းက နိုင်ငံသားတစ်ဦးအနေနဲ့ လှူဒါန်းမှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလိုကာလမှာ ဘုန်းတော်ကြီးကျောင်းတွေလည်း လှူဖို့ရည်မှန်းထားပါတယ်”ဟု ကျော်ကျော်မိုး ရေခဲစက်လုပ်ငန်းရှင် ဦးကျော်ဦးက ပြောသည်။

ထန်းတပင်မြို့နယ်မှာ လှိုင်သာယာမြို့နယ်နှင့် ကပ်လျက်ရှိပြီး အဆိုပါမြို့နယ်နှစ်ခုမှာ ကျွန်းပေါ်တွင်တည်ရှိ၍ ထန်းတပင်မြို့နယ်နှင့် ဘောလည်ကျွန်းကို ပန်းလှိုင်မြစ်၊ ကုက္ကိုလ်ဝမြစ်နှင့် လှိုင်မြစ်ဟုခေါ်သော ညောင်တုန်းမှ ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြစ်က ပိုင်းခြားထားရာ ထိုမြစ်နှင့်ကပ်လျက်ရှိသော ဘောလည်ကျွန်းရှိ ကျေးရွာတို့မှာ ရေလမ်းကို အားပြုသွားလာရသောကြောင့် သွားလာရေးခက်ခဲသောဒေသ၌ အဓိကလိုအပ်ချက်မှာ ဆန်နှင့် ဆီ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- သစ္စာ