ဘိုးဘွားတို့၏ အမျိုးသားရေး စိတ်ဓာတ်အမွေ

၂၀ နိုဝင်ဘာ

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်၊ တနင်္ဂနွေနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ ဘက်ခြေတော်ရင်း ဗဟန်းတောရရပ်ရှိ ဇရပ်တစ်ဆောင်ဆီသို့ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှကျောင်းသား ၆၀၀ ကျပ်တို့ စုရုံးရောက်ရှိလာခြင်းသည် အမျိုးသားပညာရေးနှင့် အမျိုးသားကျောင်း တို့ပေါ်ပေါက်လာမည့် နိဒါန်းဖြစ်သလို ကိုလိုနီနယ်ချဲ့အုပ်စိုးသူတို့ကို စတင်တွန်းလှန်နိုင်ရန် အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်မှုတို့ အစပျိုးခဲ့ခြင်းလည်းဖြစ်သည်။

ကိုလိုနီနယ်ချဲ့ အုပ်စိုးသူတို့ကို ပညာရေးနယ်ပယ်မှ စတင်အန်တု တွန်းလှန်ခဲ့ခြင်းသည်လည်းကောင်း တစ်ပြိုင်တည်းမှာပင်အမျိုးသားရေး စိတ်ဓာတ်တို့ နိုးကြားတက်ကြွလာခြင်းသည်လည်းကောင်း နောက်ခံ အကြောင်းတရင်းတို့ရှိခဲ့သည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးစ အချိန်တွင် နိုင်ငံအတွင်း၌စာတတ်မြောက်သူ ဦးရေ ၈၅ ရာခိုင်နှုန်းရှိပြီး ဒေသတွင်းနိုင်ငံ များစွာတို့ထက် ပညာရေးအခြေအနေမြင့်မားခဲ့သည်။ မိရိုးဖလာအားဖြင့် ဘုန်းတော်ကြီးကျောင်းများကိုအခြေပြု၍ ပညာသင်ကြားခဲ့ရာမှ ကိုလိုနီလက်အောက်ခံဘဝကျရောက်ခဲ့ရပြီးချိန်တွင် အဆိုပါ ပညာရေးစနစ်မှာ အခြေပျက်သွားခဲ့ပြီး ၁၉၂၀ ပြည့်နှစ်သို့ရောက်ချိန်တွင် စာရေးစာဖတ်တတ်သူ ၃၅ ရာခိုင်နှုန်းသာရှိသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး တစ်နိုင်ငံလုံးသူ့ကျွန်ဘဝ ကျရောက်ခဲ့ပြီးနေခက် နယ်ချဲ့ အစိုးရက မြန်မာနိုင်ငံ၏ ပညာရေးအတွက် ငွေကြေးအထောက်အပံ့မရှိခဲ့။ အစိုးရ၏မူဝါးမှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သည့်ကျောင်းများကို ကူညီရန် စည်းကမ်းချမှတ်ပေးရန်နှင့် စစ်ဆေးရန်တို့သာဖြစ်ပြီး အစိုးရကျောင်းများ ဖွင့်လှစ်သင်ကြားပေးရန်က အဓိကမဟုတ်ပေ။ ၁၉၂၀ ပြည့်နှစ်ကာလအထိ မြန်မာနိုင်ငံတွင် အင်္ဂလိပ်-မြန်မာစာသင်ကျောင်း ၄၉ ကျောင်းနှင့် ပြင်ဦးလွင်၌ အင်္ဂလိပ် လူမျိုးများသာတက်ရောက်ခွင့်ရှိသည့် ကျောင်းတစ်ကျောင်း စုစုပေါင်း စာသင်ကျောင်း ၅၀ သာရှိခဲ့သည်။ မြို့ကြီးခုနှစ်မြို့တွင် အစိုးရအထက် တန်းကျောင်းခုနစ်ကျောင်းသာရှိပြီး မြို့ငယ်များနှင့်ကျေးရွာများ၌ အစိုးရကျောင်ဟူ၍မရှိခဲ့။ တက္ကသိုလ်ပညာရေးအနေဖြင့် ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် နှစ်ကျောင်းရှိခဲ့ပြီး နှစ်ကျောင်းပေါင်း ကျောင်းသား ၂၉ ဦးရှိခဲ့ သည်။ရန်ကုန်တွင် ဘွဲ့ဒီဂရီအပ်နှင်းနိုင်သည့် သီးခြားတက္ကသိုလ်ဖွင့်လှစ် ပေးရန်နှစ်ပေါင်းများစွာတောင်းဆိုခဲ့ကြရပြီးမတတ်သာသည့်အဆုံးတွင်မှ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို လေးနှစ်ခန့်ကြာအောင်ရေးဆွဲကာ ချပြခဲ့ခြင်းဖြစ်သည်။ ဥပဒေပါအချက်အလက်များက မြန်မာနိုင်ငံသူ နိုင်ငံသားများ တက္ကသိုလ်ပညာသင်ယူနိုင်ခွင့်နည်းပါးစေရန်နှင့် ပညာတတ်နည်းပါးစေရန်အတွက် ပညာသင်စရိတ်ကြီးလေးပြီး ပညာသင် ကာလရှည်လျားစေရန် စသည့် စေတနာမမှန်သော ရည်ရွယ်ချက်များ ပါဝင်နေခြင်းကြောင့် တစ်နိုင်ငံလုံးက လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်။

အရင်းရှင်စီးပွားရေးစနစ်အောက်တွင် ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊ သတ္ထု စသည့် နိုင်ငံ၏သယံဇာတများကို ထုတ်လုပ်ကာ စီးပွားရေးတိုးတက်ခဲ့သော်လည်း ကိုလိုနီနယ်ချဲ့တို့၏ ယန္တရားထဲတွင် မြန်မာတို့အတွက်နေရာမရှိခဲ့။ ရာထူးမြင့်မြင့်မားဟူ၍ စာရေးရာထူးမျှသာရရှိနိုင်ကြပြီး မြို့နေလူတန်းစားတွင် ကားဒရိုင်ဘာနှင့် စက်ဆရာများ အဖြစ်သာ ထူးထူးချွန်ချွန်ရှိခဲ့သည်ဟုဆိုသည်။ သို့ဖြင့် ကိုလိုနီအစိုးရကပေးသည့် ပညာရေးကို ကျွန်ပညာရေးအဖြစ် သတ်မှတ်ရှုတ်ချကာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုပြန်လည်မြှင့်တင်နိုင်ရေးအတွက် အမျိုးသားပညာရေးနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကိုတညီတညွတ်တည်း ဖော်ထုတ်ရှေ့တန်း တင်၍ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။

၁၉၂ဝ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ခဲ့ကြသည့် သပိတ်မှသည် အမျိုးသားရေးစိတ်ဓာတ်တို့ကို မြင့်မားစွာလွှင့်ထူနိုင်ခဲ့ကြသည်မှာ ယခုနှစ်တွင် ၉၉ နှစ်တိုင်ခဲ့ပြီဖြစ်သည်။လာမည့်နှစ် သည်အချိန် အခါသို့ရောက်လျှင် နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်တော့မည်။ ကိုလိုနီ နယ်ချဲ့လက်အောက်ခံကာလ ဘိုးဘွားတို့၏စည်းလုံးညီညွတ်မှု၊ ဇွဲနပဲ နှင့် ခံနိုင်ရည်ရှိမှု၊ အမျိုးသားရေးစိတ်ဓာတ်တံခွန်ကို အမြင့်ဆုံးအထိ လွှင့်တင်နိုင်ခဲ့မှုတို့ကို မိမိတို့၏လက်ထက်တွင် ဆက်လက်၍ အမွေခံယူ နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း