ဘိုင်ယန်ကွင်းလယ်ကစားသမား အယ်ကန်တာယာကို လီဗာပူးအသင်း ခေါ်ယူ

၂၀  စက်တင်ဘာ

ပရီမီယာလိဂ်ချန်ပီယံလီဗာပူးအသင်းသည် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ သီယာဂို အယ်ကန်တာယာကို ပေါင်သန်း ၂၀ ဖြင့် လေးနှစ်စာချုပ်ကာ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ စပိန်ကစားသမား ပြောင်းရွှေ့ကြေးသည် အပိုဆုကြေးများပါ ထည့်ပေါင်းပါက ပေါင် ၂၅ သန်းအထိ ရောက်ရှိသွားနိုင်ကြောင်း ဖော်ပြထားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ အယ်ကန်တာယာသည် လီဗာပူး အသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက် “အခုလို အခိုက်အတန့်ကို ရောက်ရှိဖို့အတွက် အချိန်တွေအများဆုံး စောင့်ဆိုင်းခဲ့ရတာပါ။

ကျွန်တော် ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ အလွန်ပဲပျော်ပါတယ်”ဟု ပြောကြားသည်။ ၎င်းသည် ဂရိဘယ်ခံစစ် ကစားသမားဖြစ်သူ ဆီမီကပ်စ်ကို ခေါ်ယူပြီးနောက် လီဗာပူးအသင်း၏ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက် ခေါ်ယူသည့် ကစားသမားဖြစ်လာခဲ့ပြီး အန်ဖီးလ်တွင် ဂျာစီနံပါတ် ၆ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

အယ်ကန်တာယာသည် ဘာစီလိုနာအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလားကို နှစ်ကြိမ်ဆွတ်ခူး ထားသူဖြစ်သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့်လည်း အောင်မြင်မှုသရဖူ စိုက်ထူထားနိုင်သူဖြစ်သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါဖလားကို ခုနစ်ကြိမ် ဆွတ်ခူးရရှိထားသူဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို သြဂုတ်လတွင် ဆွတ်ခူးရရှိထားနိုင်သူ ဖြစ်သည်။ ထို့အပြင် ဂျာမန်ပိုကယ်ဖလားနှင့် ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကိုလည်း ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ဆွတ်ခူးထားသူဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၃၅ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုးသွင်းယူပေးထားနိုင်သော အယ်ကန်တာယာသည် ပရီမီယာလိဂ်ပွဲစဉ်(၂)အဖြစ် တနင်္ဂနွေနေ့ည ၁၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ချယ်ဆီး အသင်းနှင့်ပွဲစဉ်ကို ပါဝင်ကစားခွင့်ရရှိဖွယ်ရှိနေသည်။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများတွင် လီဗာပူးအသင်းသည် ဝုဖ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဒီယေဂိုတာကို ပေါင် ၄၁ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပရီမီယာလိဂ် ကလပ် လီဗာပူးအသင်းသည် ဂျိုတာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက် ခြင်းဖြစ်သည်။ အပိုဆုကြေးများပါ ထည့်ပေါင်းပါက အဆိုပါကစားသမား၏ ပြောင်းရွှေ့ကြေးသည် ပေါင် ၄၅ သန်းအထိ မြင့်တက်သွားနိုင်သည်။ လီဗာပူးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ သီယာဂိုအယ်ကန်တာယာကို ခေါ်ယူပြီးနောက် မကြာမီတွင် ဂျိုတာကို ဆက်လက်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ပေါ်တူဂီကစားသမား ဂျိုတာသည် ဝုဖ်အသင်းတွင် ၁၃၁ ပွဲပါဝင်ကစားထားပြီး ၄၄ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။ ဂျိုတာအနေဖြင့် အန်းဖီးလ်သို့ ရောက်ရှိလာပါက လီဗာပူးအသင်းမှ ခံစစ် ကစားသမားတစ်ဦးဖြစ်သူကီဂျာနာဟိုဗာသည် ဝုဖ်အသင်းထံသို့ အပိုဆုကြေး အပါအဝင် ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့ဖွယ်ရှိနေသည်။ လီဗာပူးအသင်း၏ လူငယ်ကစားသမား ဟိုဗာသည် နည်းပြ ကလော့ပ်လက်ထက်တွင် လေးကြိမ်သာလျှင် ပွဲထွက်ကစားခွင့်ရရှိထားသေးသည်။ ၎င်းသည် နေရာစုံရွေ့လျား ကစားတတ်သည့် ကစားသမားတစ်ဦးဖြစ်သည့်အတွက် ဝုဖ်အသင်းက ခေါ်ယူအားဖြည့်လိုနေခြင်းဖြစ်သည်။

အသက် ၁၈ နှစ်အရွယ်ရှိ ဟိုဗာသည် ၂၀၁၈ ခုနှစ်တွင် အိုင်းယက်စ်အသင်းမှ လီဗာပူးအသင်းကို ပြောင်းရွှေ့ လာသူဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီတွင် လီဗာပူးအသင်းနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်သည်။ သို့သော်လည်း လီဗာပူးနှင့် ဝုဖ်အသင်းတို့ နှစ်ဖက်သဘောတူညီမှုရရှိပြီးနောက် ၎င်းအနေဖြင့် ဝုဖ်အသင်းကို အမြဲတမ်းပြောင်းရွှေ့ ကစားဖွယ်ရှိနေခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် အပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်သွား ဖွယ်ရှိနေပြီး ဝက်ဖို့ဒ်အသင်းမှ တိုက်စစ်ကစားသမား အစ္စမာအီလာဆားရ်ကို ခေါ်ယူရန်စုံစမ်းမှုများပြုလုပ်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဝက်ဖို့ဒ်အသင်းသည် အဆိုပါ တိုက်စစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်း အလိုရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဝက်ဖို့ဒ်အသင်းက ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူထားသော ဆားရ်သည် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ တွင် ခြောက်ဂိုးသွင်းကာ ခြောက်ကြိမ် ဂိုးရရှိအောင် ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

အောင်ဇော်