ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့ဆန် တန်ချိန် တစ်သိန်း ပြန်လည်၀ယ်ယူရန် နှစ်ဘက်ညှိနှိုင်း ဆွေးနွေး

ရန်ကုန်၊ ၂၆ ဇန်နဝါရီ

 

ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့ဆန် တန်ချိန် တစ်သိန်း ပြန်လည်၀ယ်ယူရန် နှစ်ဘက်ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်မှစ၍ နှစ်နိုင်ငံ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရောင်းချရေး၊ စားနပ်ရိက္ခာ ဖူလုံမှုအတွက် အိမ်နီးချင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံသဘောတူ MOU လက်မှတ်ရေးထိုးထားကြောင်း၊ ဆက်လက်၍ ၂၀၁၇-၂၀၁၈ တွင် ဆန်တန်ချိန် တစ်သိန်း တင်ပို့ခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန်လိုအပ်မှု မရှိသည့်အတွက် ဆန်တင်သွင်းခြင်းကို မည်သည့်နိုင်ငံမှ မ၀ယ်တော့ကြောင်း သိရသည်။

 

သို့သော် လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အပြင် ယင်းနိုင်ငံ၏ ယခုဘဏ္ဍာနှစ် ပြည်တွင်းဆန်ဈေးနှုန်းမှာလည်း ဈေးတက်လာသောကြောင့် ဆန်ပြန်လည်၀ယ်ယူရန်အတွက် တင်ဒါထုတ်ထားကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း ပြန်လည်၀ယ်ယူရန် နှစ်ဘက်ညှိနှိုင်း ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"မြန်မာနိုင်ငံနဲ့လည်း ပြန်ပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်လာတယ်၊ အခုလောလောဆယ်တော့ ကျွန်တော်တို့က နှစ်ဘက်ညှိနှိုင်း ဆွေးနွေးနေတဲ့ အနေအထား ရှိပါတယ်၊ ဒီပေါ်မှာ စာချုပ်ချုပ်တဲ့အဆင့်ထိတော့ မရောက်သေးဘူး၊ ညှိနှိုင်းဆွေးနွေးမှု အဆင့်တော့ ရှိပါတယ်"ဟု ဦးရဲမင်းအောင်က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မည့် ဆန်အမျိုးအစားအလိုက် ဆန်ဈေးနှုန်းများမှာလည်း အမြင့်ပိုင်းတွင်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ယခုဘဏ္ဍာနှစ် (၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၁ ရက်အတွင်း) ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆၄၀၀၀၀ ကျော် တင်ပို့ထားပြီး ယင်းတင်ပို့မှုမှ ပို့ကုန်၀င်ငွေ အမေရိကန်ဒေါ်လာ ၂၄၅ မီလီယံကျော် ရရှိထားကာ ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် သုံးသိန်းခန့် လျော့နည်းခဲ့သည်။

 

ငြိမ်းငြိမ်း