ဘရာဇီးဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟို နေအိမ်အကျယ်ချုပ်မှလွတ်မြောက်

အာဆွန်စီယွန်  ၂၆  ဩဂုတ်

ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုကို ပတ်စ်ပို့အတု ကိုင်ဆောင်မှုဖြင့် ပါရာဂွေးနိုင်ငံတွင် နေအိမ် အကျယ်ချုပ် ခြောက်လနီးပါး ဖမ်းဆီးထားပြီးနောက် သြဂုတ် ၂၄ ရက်က ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

ရော်နယ်ဒင်ဟိုတို့ ညီအစ်ကို နှစ်ယောက်သည် အစိုးရရှေ့နေများထံ အသနားခံ လျှောက်လဲချက်တင်ပြီးနောက် တရားသူကြီးတစ်ဦးက စွဲချက်များကို ဆိုင်းငံ့ခဲ့သည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် ဖမ်းဆီးထားမှုကို လုံးဝဖယ်ရှားပေးလိုက်ပြီဖြစ်ပြီး နောက်ထပ် ကန့်သတ်ချက်များ ရှိတော့မည် မဟုတ်ဟု တရားသူကြီး ဂတ်စဘို အမာရီလာက တရားရုံးတွင် ပြောကြားခဲ့သည်။

ကြယ်လေးပွင့်အဆင့်ရှိ ပါမာရိုဂါ ဟိုတယ်သို့ ပြောင်းရွှေ့ မနေထိုင်မီ ရော်နယ်ဒင်ဟိုနှင့် အဆစ်တို့သည် အကျဉ်းထောင်ထဲတွင် တစ်လကျော်ကြာ နေထိုင်ခဲ့ရသည်။ အာမခံကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းပေးဆောင်ပြီးမှ ဟိုတယ်သို့ ပြောင်းရွှေ့ခွင့် ရခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒင်ဟိုတို့ ညီအစ်ကို နှစ်ယောက်သည် ရီယိုဒီဂျနေရိုးသို့ လေယာဉ်စင်းလုံးငှားကာ ပြန်မည်ဟုလည်း မီဒီယာများတွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးသူများနှင့် သဘောတူညီချက်အရ ရော်နယ်ဒင်ဟိုသည် ဒဏ်ကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၉၀၀၀၀ ကို ပေးဆောင်ရန် သဘောတူထားပြီး နှစ်နှစ်တာကာလ အတွင်း သုံးလတစ်ကြိမ် ဘရာဇီး တရားရုံးတွင် အစီရင်ခံရမည်ဖြစ်သည်။

အဆစ်သည်လည်း ဒဏ်ကြေး ၁၁၀၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ဘရာဇီးနိုင်ငံ အတွင်းမှ ထွက်ခွာခွင့် မရှိပေ။ ပါရာဂွေးနိုင်ငံတွင် ၎င်း၏ရာဇဝတ်မှု မှတ်တမ်းကျန်ရှိနေမည် ဖြစ်သည်။ စာအုပ်သစ် အရောင်းမြှင့်တင်ရေးနှင့် ကလေးများရန်ပုံငွေအတွက် ရော်နယ်ဒင်ဟိုနှင့် အဆစ်တို့သည် တောင်အမေရိကသို့ မတ်လ ၄ ရက်တွင် လာရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလာမှုဆိုင်ရာ အထောက်အထား အတုများ လူဝင်မှုကြီးကြပ်ရေးသို့ ပေးခဲ့သည့်အတွက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ရော်နယ်ဒင်ဟိုသည် ၂၀၁၈ ခုနှစ် တွင်ဘောလုံးလောကမှအနားယူခဲ့သူလည်းဖြစ်သည်။

ဆင်ဟွာ