ဘုရားကျောင်းဆောင်ရှိ ဘုရားပုံတော်အားစွဲကပ်နေသော ပျားအုံကို မီးမြှိုက်ရာမှ ကျောင်းမီးလောင်မှုဖြစ်ပွား

မြိတ်၊  ၂၁  ဇန်နဝါရီ

 

မြိတ်မြို့၊ ပဇာကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာတွင် ဘုန်းကြီးကျောင်း ဘုရားကျောင်းဆောင် အတွင်းရှိ ဘုရားပုံတော်တွင် စွဲကပ်နေသော ပျားအုံအား အုန်းဆံခွံဖြင့် မီးမြှိုက် နှိမ်နှင်းရာမှ ကျောင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြိတ်မြို့၊ ပဇာကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ၊ ဆရာတော် ဦးဇာဂန၊ သက်တော်(၈၄)နှစ် ဝါတော်(၆၂)၏ သကန်တောင်ပု ဘုန်းကြီးကျောင်း၌ အလျားပေ ၃၀၊ အနံပေ ၄၀၊ သွပ်မိုး ပျဉ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ်၊ ဘုရားကျောင်းဆောင်အတွင်းရှိ ဘုရားပုံတော်အား စွဲကပ်နေသော ပျားအုံအား အုန်းဆံခွံဖြင့် မီးမြှိုက်နှိမ်နှင်းရာမှ ကျောင်းမီးလောင်ခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း(၅၉)ဦးနှင့် ဗဟိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၉)စီးတို့ဖြင့် သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းငြှိမ်းခဲ့ကြသည်။

 

ငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သော်လည်း မီးလောင်မှုကြောင့် ဘုရားကျောင်းဆောင် (၁)ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရသိရသည်။

 

ရွှေမြင့်ဦး ရွှေပြည်သာ