ဘယ်လ်ဂျီယံမှာ ဗိုင်းရပ်စ်တားဆီးရေးအတွက်ပိတ်ထားတဲ့ ဆိုင်တွေ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်ခွင့်ရရှိ

၂၈ နိုဝင်ဘာ

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့ပွားမှု တားဆီးရေးအတွက် ပိတ်ထားတဲ့ ဆိုင်တွေအား ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ဖွင့်ခွင့်ပေးမှာဖြစ်ပေမယ့် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု လျော့ကျသွားတဲ့အထိ semi-lockdown ကိုဆက်လက် ပြဋ္ဌာန်းသွားမယ်လို့ ဝန်ကြီးချုပ် အလက်ဇန္ဒါး ဒီ ကိုး က သောကြာနေ့မှာ ကြေညာသွားပါတယ်။

 

နိုင်ငံရဲ့ အခြေအနေဟာ တိုးတက်လာပေမယ့် အရာရာပေါ်မှာ ဖုံးအုပ်ထားဖို့လိုနေသေးတဲ့အတွက် ခရစ်စမတ်နဲ့ နှစ်သစ်ကူးတွေဟာ အရင်နှစ်တွေနဲ့ မတူဘဲ ကျင်းပဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားပါတယ်။

 

အစားအစာနဲ့ အရေးကြီးပစ္စည်းရောင်းတဲ့ဆိုင်တွေကို အရင်ကတည်းက ဖွင့်ထားပြီးဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့မှာ အရေးကြီး ပစ္စည်းမဟုတ်တဲ့ ပစ္စည်းဆိုင်တွေ၊ ပြတိုက်တွေနဲ့ ရေကူးကန်တွေအား ပြန်လည်ဖွင့်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

 

 

အရေးကြီး ပစ္စည်းမဟုတ်တဲ့ ပစ္စည်းရောင်းဆိုင်တွေမှာ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်အရ ဈေးဝယ်သူ တစ်ဦးသာ လာရောက်ခွင့်နဲ့ ဈေးဝယ်ချိန်ဟာ အများဆုံး မိနစ် ၃၀ သာခွင့်ပြုဖို့ လိုအပ်တာကိုတွေ့ရပါတယ်။

 

အခုထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို လိုက်နာရန် မြို့တော်စည်ပင်နဲ့ ဈေးဆိုင်ပိုင်ရှင်တွေ ၊ ကုန်သည်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

 

ညွှန်ကြားချက်အသစ်အရ ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ တခြား ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ပိတ်ထားရမှာဖြစ်ပါတယ်။

 

ညမထွက်ရ အမိန့်ဟာ ဆက်လက် ထားရှိမှာဖြစ်ပါတယ်။ အလုပ်တွေကို နေအိမ်ကနေ ဆက်လက် လုပ်ကိုင်ရန် အမိန့်ထုတ်ထားပါတယ်။

 

ဝန်ကြီးချုပ်က ခရီးမသွားကြဖို့ တိုက်တွန်းထားပြီး ခရီးသွားပြီး နိုင်ငံကို ပြန်အဝင်မှာ သွားခဲ့တဲ့ နေရာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုများခဲ့မယ်ဆိုရင် သီးသန့်ခွဲခြားနေထိုင်မှု quarantine လုပ်ရမယ်လို့ ဆိုပါတယ်။

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၃,၂၉၇ ဦးရှိရာ စုစုပေါင်း ပိုးတွေ့သူ ၅၇၀,၈၂၉ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၆,၃၃၉ ဦးရှိကြောင်း ဒီနေ့ (စနေနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုကား -AFP