ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

mdn

၁၂ ဒီဇင်ဘာ

 

ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် ၂၀၁၉ ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းအပါအဝင် ဗီယက်နမ်လူငယ်အသင်း၊ ကမ္ဘောဒီးယားလူငယ်အသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာအသင်းနှင့် ဘင်ဒေါင်းအသင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယလုပွဲကို ဒီဇင်ဘာ ၁၇ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုပြိုင်ပွဲမတိုင်မီက ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ၊ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံ၊ တရုတ်တိုင်ပေ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ယခုပြိုင်ပွဲမှာ စတုတ္ထမြောက် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် နိုဝင်ဘာလဆန်းက ယှဉ်ပြိုင်သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားခဲ့ပြီး နိုဝင်ဘာနောက်ဆုံးပတ်တွင် ပြန်လည်လေ့ကျင့်ခဲ့ကာ နှစ်ပတ်နီးပါးအကြာတွင် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ- ဦးစိန်အေး၊ ဂိုး- နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း-စည်သူမိုးခန့်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊  ကောင်းခန့်ကျော်၊  အလယ်တန်း- ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊မိုးဆွေ၊ ခွန်ကျော်ဇင်ဟိန်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေးတို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်