ဗီယက်နမ်နိုင်ငံမှာ ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်တွေ့ရှိလာ

၃၁ ဇူလိုင်

 

 

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ဒန်နန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၄၅ ဦး ရှိကြောင်း ဒီနေ့(သောကြာနေ့) မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

 

 

ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထိန်းချုပ်ရန် တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခြင်း၊ သီးသန့်ခွဲခြားခြင်းနဲ့ ဗိုင်းရပ်စ်လားရာ လမ်းကြောင်းတွေကို လိုက်လံရှာဖွေခြင်းတွေကြောင့် ဗိုင်းရပ်စ်ပိုးကို စောစောထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

 

 

အဲဒီလိုတင်းကျပ်တဲ့ စည်းကမ်းတွေကြောင့်  နိုင်ငံတွင်းမှာ ရောဂါပိုးကူးစက်မှု မတွေ့ရှိတာ ရက် ၁၀ဝ နီးပါးကြာမြင့် ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က ဒန်နန်းမြို့ခံတစ်ဦးမှာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိရာကနေ ဒန်နန်းမြို့ကို လာရောက်လည်ပတ်သူတွေ ဆက်စပ်သူတွေပါ ဗိုင်းရပ်စ် ကူးစက်ခံရတာ  အခုဆိုရင် လူတစ်ရာခန့် ရှိလာကြောင်း သိရပါတယ်။

 

 

ဒန်နန်းမြို့ဟာ အပန်းဖြေကမ်းခြေ မြို့ဖြစ်တဲ့အတွက် ခရီးသွားတွေနဲ့ စည်ကားတဲ့မြို့ဖြစ်ပါတယ်။

 

 

ဒန်နန်းမြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေဟာ အသက် ၂၇ နှစ် မှ ၈၇ နှစ် အရွယ်တွေဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို ကုသရန် ဒန်နန်းအားကစားရုံကို ယာယီဆေးရုံအဖြစ်ပြောင်းပြီး ကုသပေးနေကြောင်း သိရပါတယ်။

 

 

ဒန်နန်းမြို့မှာ သွားလာနေတဲ့ အများသုံးယာဉ်တွေကို ရပ်ဆိုင်းထားပြီး မြို့ခံ ၁ ဒသမ ၁ သန်းကို နေအိမ်တွေမှာပဲ နေရန် အကြံပြုထားပါတယ်။

 

 

ဒန်နန်းမြို့ကို သွားရောက်လည်ပတ်ဖူးသူ မြို့တော် ဟနွိုင်းတွင် နေထိုင်သူ အနည်းဆုံး ၂၁,ဝ၀ဝ ကိုလည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးနေကြောင်းနဲ့ ဒန်နန်းမြို့ကို လည်ပတ်ခဲ့တဲ့ ဟိုချီမင်းမြို့မှာ နေထိုင်သူတွေကို အလားတူ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

 

 

ဒန်နန်းအနီးဝန်းကျင်ရှိ ဟူး မှ ဘားဆိုင်တွေကိုလည်း ပိတ်ထားသလို သမိုင်းဝင် ဟိုအန်မြို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ထားကြောင်း သိရပါတဘ်။

 

 

ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန် ကူးစက်ခံသူတွေ အပါအဝင် ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၀၉ ဦး ရှိပေမယ့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP