၁၉ အောက်တိုဘာ
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၉၀ ခန့် သေဆုံးခဲ့ပြီး ၊ အခြားသူ ၃၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ခြောက်နာရီအထိ ပြည်နယ်ငါးခုရှိ အိမ်ထောင်စုပေါင်း ၁၂၁၂၈၀ ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း လူနေအိမ်ပေါင်း ၁၂၁၇၀၀ မှာ ရေလွှမ်းမိုးခံထားရဆဲဖြစ်ကြောင်း အဆိုပါ ကော်မတီက ပြောကြားခဲ့သည်။
အလယ်ပိုင်းဒေသ ပြည်နယ်များအတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းသားများကို အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ သဘာဝ ဘေးအန္တရာယ် လုံးဝ ကင်းရှင်းသွားသည့် အချိန်ထိ နေအိမ်များ၌ပင် လေ့လာသင်ယူမှု ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသများတွင် အောက်တိုဘာ ၂၁ ရက်အထိ မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းနိုင်ကြောင်းနှင့် အချို့ဒေသများတွင် မိုးရေချိန် ၆၀၀ မီလီမီတာကျော်ထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်ဟု အဆိုပါ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်