ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိအောင် မလေးရှား တက္ကသိုလ်က စက်ရုပ်တွေ အသုံးပြုပြီး ဘွဲ့ပေးတဲ့ အခမ်းအနား လုပ်ဖို့ ပြင်ဆင်

၃ ဇွန်

 

မလေးရှား တက္ကသိုလ်တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တဲ့ အနေနဲ့ စက်ရုပ်တွေကို ဘွဲ့ဝတ်စုံဝတ်ဆင်ပေးပြီး စက်ရုပ်ရဲ့ မျက်နှာပြင်မှာ ဘွဲ့ယူကျောင်းသားရဲ့ မျက်နှာပြပြီး ဘွဲ့ပေးအပ်တဲ့ အခမ်းအနား လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အဲဒီအစီစဉ်ကို ကျောင်းသူကျောင်းသားတွေက ပယ်ချနေပါတယ်။

 

Sultan Zainal Abidin တက္ကသိုလ်က ဘွဲ့ယူမယ့် ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာကို စက်ရုပ်မျက်နှာမှာ ဖော်ပြပြီး ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် ဘွဲ့ပေးအပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

 

ဒါပေမယ့် ကျောင်းသူကျောင်းသားတွေက စက်ရုပ်နဲ့ ဘွဲ့ပေးမယ့် အစီအစဉ်ကို မနှစ်သက်ကြကြောင်း သိရပါတယ်။  မူလအစီအစဉ်အရ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ပေးအပ်မယ့် ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို ရက်ရွေ့ဆိုင်းနိုင်ကြောင်း ပြောနေပါတယ်။

 

တက္ကသိုလ်ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ နူဟာဝမ်နီက သူ့အနေနဲ့ ဘွဲ့ပေးတဲ့ စင်ပေါ်ကိုသာ တက်ပြီး ဘွဲ့ယူချင်တယ်။ တစ်နှစ် မဟုတ်ဘူး၊ နှစ်နှစ်၊ သုံးနှစ်အထိ စောင့်နိုင်ကြောင်း ရေးသားထားပါတယ်။

 

တက္ကသိုလ်ဘက်တော့ အခုလို စက်ရုပ်နဲ့ ဘွဲ့ပေးတယ်ဆိုတာ ယာယီဖြစ်ပြီး အခမ်းအနားတွေ လုပ်ခွင့်ရတဲ့ အချိန်မှာ အခမ်းအနားကို အကောင်းဆုံး လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

 

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၈၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၁၅ ဦး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား -AFP