ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေးအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု

၃၁  မတ်

ကိုဗစ် -၁၉ ရောဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်နေ့မှစတင်၍ မတ်လ ၃၀ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အတည်ပြုလူနာ ၁၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ အစောပိုင်းတွင် အတည်ပြုလူနာများအဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့်နိုင်ငံများမှ ဝင်ရောက်လာသူများကူးစက်ခံရခြင်းကို တွေ့ရှိခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူ တစ်ဦးနှင့် ပြည်ပခရီးသွားရောက်ခဲ့ခြင်း မရှိသူတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက် ခံထားရကြောင်း တွေ့ရှိလာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉ဝ ရာခိုင်နှုန်းကျော် အလုပ်လုပ်နေကြ သည့် နိုင်ငံဖြစ်သည်။ လုပ်ကိုင်ရသည့် လုပ်ငန်းချင်းတူလျှင်ပင် ပြည်တွင်းအလုပ်အကိုင်များထက်လည်း လစာပိုမိုရရှိသည့် အားသာချက်ကြောင့် မြန်မာအလုပ်သမားဦးရေ သုံးသန်းကျော် ထိုင်းတွင် အလုပ်လုပ်နေကြသည့်အနက် တစ်သန်းကျော်တို့မှာ တရားမဝင် အလုပ်လုပ်နေကြသူများဖြစ်ကြသည်။ ထို့အပြင် ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုမှာ ညစ်ပတ်သော အလုပ်၊ အန္တရာယ်များသည့် အလုပ်၊ လူအများစုမလုပ်ချင်သည့် အလုပ်မျိုးများကို လုပ်ကိုင်နေကြရခြင်းလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ထိုင်းနိုင်ငံသို့ ဝင်ရောက်ကူးစက်လာခဲ့ပြီးနောက် ထိုင်းအစိုးရက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း၊ ကောလာဟလများကလည်း ပျံ့နှံ့လာခြင်း စသည့် အကြောင်းများကြောင့် ထိုင်းရောက် မြန်မာများ မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ပြည်တော်ပြန်ခဲ့ကြရာမှ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူများပါ ပါဝင်လာပြီး နိုင်ငံအတွင်း ကပ်ရောဂါအသွင်ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်အလားအလာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ 

အစောပိုင်းတွင် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသူများကို ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ တိုက်ရိုက်ပြန်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့ ဖြတ်သန်းသွားရသည့် လမ်းတစ်လျှောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာခြင်းကြောင့် ယခုအခါတွင် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသူများအား နိုင်ငံတော်အစိုးရက စီစဉ်ပေးထားသည့် သတ်မှတ်နေရာများတွင် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု(Quarantine) ကို ၁၄ ရက်ကြာ မဖြစ်မနေ ပြုလုပ်သွားတော့မည်ဖြစ်သည်။ ကူးစက်မြန် ကပ်ရောဂါတစ်ခုအတွက် သွားလာမှု ကန့်သတ်ထိန်းချုပ်ခြင်းကသာ ရောဂါကူးစက်ပျံ့နှံ့မှုကို အထိရောက်ဆုံး ဟန့်တားနိုင်ပြီး ရောဂါအစပျိုးချိန် ၁၄ ရက် အတွင်း ရောဂါပေါ်ပေါက်လာပါက ကုသမှုခံယူနိုင်မည်ဖြစ်သလို ကန့်သတ်ရက်အတွင်း ရောဂါတစ်စုံတစ်ရာ မဖြစ်ပါကလည်း သံသယကင်းစင် စိတ်လန်းရွှင်စွာဖြင့် ဇာတိရပ်ရွာအိမ်ဂေဟာဆီသို့ ပြန်နိုင်ကြမှာဖြစ်သည်။

လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရက ထိုင်းမှ နောက်ထပ် ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်မည့်နေရာများ ထပ်မံတိုးချဲ့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်သဖြင့် နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်မည့်သူများကို နောက်ထပ် ရက်သတ္တနှစ်ပတ် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှ ပြန်လည် ဝင်ရောက်ရန် ပန်ကြားချက်ထုတ်ပြန်ထားသည်။ ရောဂါကူးစက် ဖြစ်ပွားနေသည့် နိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများ ကိုဗစ်-၁၉နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာမြင့်မား နေရန် အဓိကလိုအပ်မည်ဖြစ်သလို ၎င်းတို့အား အသွားအလာ ကန့်သတ်ရာတွင် ကြီးကြပ်ဆောင်ရွက် ပေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ပေါင်းစပ်ဆောင်ရွက်မှု အားကောင်းခြင်း၊ ဒေသရပ်ရွာနေ ပြည်သူများ၏ စိတ်စေတနာနှင့် သဒ္ဓါတရား ထက်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ကောင်းမွန်ခြင်းတို့က ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အောင်မြင်မှုအတွက် အရေးပါသည့် သော့ချက်များဟု ယုံကြည်မိပါကြောင်း။ ။

မြန်မာ့အလင်း