စစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ မြို့နယ်အတွင်း ဝင်ရောက်သူများကို အရေးယူ

နေပြည်တော် ၂၃ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စက်မှု (၂)ရပ်ကွက်နေ ခိုင်စိုး (ခ) ခိုင်စိုးဟိန်း (၂၄)နှစ် မောင်းနှင်လာသော 9F/xxxx Bongo ယာဉ်သည် နိုဝင်ဘာ ၁၇ ရက်က တပ်ကုန်းမြို့နယ်ရှိ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံခြင်းမပြုဘဲ ရှောင်ကွင်းလမ်းမှ မောင်းနှင်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ခိုင်စိုး (ခ) ခိုင်စိုးဟိန်းအား တပ်ကုန်းမြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဗုံးအိုးကျေးရွာနေ ဖြူကို (ခ) ကိုဦး (၂၇)နှစ် မောင်းနှင်ပြီး လွမ်းထွေး (၁၉)နှစ်ပါ ၄ ဦးတို့ လိုက်ပါလာသည့် 5F/xxxx Wish ယာဉ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လယ်ပြင်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ  ဖြူကို (ခ) ကိုဦးပါ ၅ ဦးအား လုံးခင်းနယ်မြေရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား