စစ်ကိုင်းမြို့နယ်တွင် ဂျုံသီးနှံ သီးထပ်စိုက်ပျိုးနိုင်ရန် နည်းပညာများ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေး

စစ်ကိုင်း   ၂၉   နိုဝင်ဘာ

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ ပဲကတိုးကျေးရွာအုပ်စု  တောင်သူ ဦးဇော်မင်း ကွင်းအမှတ်(၈၂၂) ဦးပိုင်အမှတ်(၅၀၇)မှ ဆင်းသုခမိုးစပါး မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းအပြီး ဂျုံသီးနှံ သီးထပ်စိုက်ပျိုးရေးအတွက် နည်းပညာလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့၊ နေ့ပိုင်းက ကွက်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကျွန်တော်တို့ဌာနအနေနဲ့ မိုးစပါးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူတွေကို သီးနှံများ အထွက်နှုန်းကောင်းစေရန် သက်ဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးဝေလျက်ရှိပါတယ်။ အခုလည်းပဲ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း ရိတ်သိမ်းအပြီး နောက်ထပ်ဂျုံသီးနှံ သီးထပ်အဖြစ် စိုက်ပျိုးတဲ့အခါ အထွက်နှုန်းကောင်းအောင် မြေစတင်ပြုပြင်ခြင်းကို နည်းပညာ ဖြန့်ဝေပေးတာပါ။ အဓိကတော့ ဓာတုပစ္စည်း လျှော့ချသုံးစွဲရေးနဲ့ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနိုင်စေရန်၊ သဘာဝ ပိုးပြေးဆေး ပြုလုပ်သုံးစွဲစေရန် ဓာတုဓာတ်ကြွင်းအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်အောင် နည်းပညာတွေ ဖြန့်ဝေပေးနေတာပါဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဦးက  ပြောသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ၊ ဆောင်းသီးနှံများအပေါ် မြေပြုပြင် စိုက်ပျိုးခြင်းမှအစပြု၍ ရိတ်သိမ်းချိန်အထိ သက်ဆိုင်ရာနည်းပညာများ ထိရောက်စွာလိုက်နာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေး အခက်အခဲများရှိပါက နည်းပညာ စင်တာများနှင့် ချိတ်ဆက်၍ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း  သိရသည်။

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)