စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာကာလ

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ မြင့်တက်လာစေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး ဒေသတွင်းပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိသုံးစွဲနိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆိုသည့် မူဝါဒသုံးရပ်ချမှတ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က စတုတ္ထ(၁)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ မူဝါဒများချမှတ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -

မေး ။ ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းဒေသကြီးအတွင်း ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုတွေကို တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုတွေပိုမိုရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ ပြောပြပေးပါဦးရှင်။

ဖြေ ။ ။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ (၄)နှစ်တာကာလအတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ (၃)ချက်အပေါ်မှာ အားသာချက် တွေကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့သလို အားနည်းချက်တွေ ရှိရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာတွေက ပြည်သူလူထုနဲ့အတူ ပူးပေါင်း ပြီး ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ စတုတ္ထ (၁) နှစ်တာကာလအတွင်း ရည်မှန်းချက်တွေ ချမှတ်ပြီး ဦးစားပေးဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုတွေကိုလည်း သိပါရစေရှင့်။

ဖြေ ။ ။ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ကျွန်တော်တို့ ချမှတ်ထားတဲ့ မူဝါဒ (၃)ချက်ကိုသာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည် ပြောပြရမယ်ဆိုရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းဒေသကြီးရဲ့ လူမှုစီးပွားဘဝ မြင့်တက်လာစေဖို့၊ အခြေခံအဆောက်အဦ ကဏ္ဍမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့နဲ့ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိသုံးစွဲနိုင်စေဖို့နဲ့ နောက်ဆုံးတစ်ချက်က ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်ပါတယ်။

ဒီမူဝါဒတွေချမှတ်ခဲ့လို့ ကျွန်တော်တို့ အနေနဲ့ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြောပြရမယ်ဆိုရင် ပထမမူဝါဒဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မှုအနေနဲ့ လယ်မဲ့ယာမဲ့ပြည်သူ တွေအတွက် မြေလွတ်မြေရိုင်း ၉၅၂ ဧကကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး အဆင့်မြင့်လယ်ယာ ဧက ၁၂၃၀ ဒသမ ၅ ဧကကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းနိုင်ဖို့ ထွန်စက် ၁၉၅၅ စီးကို ရောင်းချဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ နိုင်ငံပိုင် ဆည်၊ ကန်နဲ့ ရေလှောင်တမံ ၄၃ ခုနဲ့ ကျေးလက် ဆည်နဲ့ ကန် ၃၆၃ ခုတို့ကို နှစ်စဉ်ထိန်းသိမ်း ပြုပြင်ပြီး စိုက်ပျိုးရေပေးဝေလျက်ရှိရာ မိုးစပါး နဲ့ နွေစပါးအတွက် ၇ ဒသမ ၈ သိန်း ဧကခန့်၊ အခြားသီးနှံအတွက် ၈ ဒသမ ၉ သိန်း ဧကခန့် အကျိုးပြုလျက်ရှိပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ မြစ်ရေ တင် လုပ်ငန်းအသစ် (၃)ခု တည်ဆောက်ခဲ့ပြီး စိုက်ပျိုးဧက ၁၄၀၀ ကို အကျိုးပြုနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်မှုတွေအနေနဲ့ စပါးအပါအဝင် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဌာနပိုင်မျိုးစေ့ခြံတွေက ထုတ်လုပ်ခြင်းအပြင် ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနဲ့ စျေးကွက်ခိုင်မာစွာ ရရှိရေးအတွက် သရက်၊ သခွားမွှေးနဲ့ ဆောင်းသီးနှံ နှမ်း စိုက်ပျိုးထုတ်လုပ်သူတွေကို Good Agriculture Pratices (GAP) အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။

JICA ရဲ့ အထောက်အပံ့နဲ့ သဖန်းဆိပ်

ဆည်ရေသောက်ဧရိယာတွေကို စိုက်ပျိုးရေး ဝင်ငွေ တိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Project) နဲ့ ၂၀၁၈- ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ - ၂၀၂၃ ခုနှစ်အထိ ခြောက်နှစ်ကြာ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ စီမံကိန်းပြီးဆုံးရင် သဖန်းဆိပ်ဆည် ရေသောက်ဧရိယာဧက ၅ သိန်းခန့်မှာ စိုက်ပျိုး စွမ်းအားတိုးတက်လာမှာဖြစ်ပြီး ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

စိုက်ပျိုးသီးနှံတွေ ရေချွေတာသုံးစွဲကာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး Water Saving Agriculture Technology (WSAT) စီမံကိန်းကို အပူပိုင်းဇုန်ဧရိယာ မြို့နယ် ၁၀ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အစက်ချရေသွင်းပိုက်တွေနဲ့ ရေဖျန်းစနစ် ရေသွင်းပိုက်တွေ ဖြန့်ဖြူးပြီး ဟင်းသီးဟင်းရွက်၊ ပန်းမန်နဲ့ နှစ်ရှည်သီးနှံ ၇၁ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ဌာနပိုင်မျိုးစေ့ဓာတ်ခွဲခန်း၊ သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းနဲ့ မြေအသုံးချ ရေးဓာတ်ခွဲခန်းတွေ ဆောက်လုပ်နိုင်ခဲ့ပြီး မျိုးစေ့အရည်အသွေးနဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ အရည်အသွေး စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးသီးနှံ ကာကွယ်ရေး ဓာတ်ခွဲခန်းအနေနဲ့ ပိုးမွှားရောဂါ အမျိုးအစားခွဲခြားခြင်း လုပ်ငန်းတွေကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်။

မွေးမြူရေးကဏ္ဍမှာဆိုရင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြို့နယ် (၁၁) မြို့နယ်ရှိ ကျွဲနွားကောင်ရေ ၁၆၀၀၀၀ ခန့်ကို ကျွဲနွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးနိုင်ခဲ့တဲ့အတွက် ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ခဲ့ပြီး ကျွဲနွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ ဒေသနွားမျိုးထိန်း မျိုးပွားသုတေသနလုပ်ငန်းနဲ့ စားကျက်ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးဂရန် အင်း ၃၅၁ အင်း၊ တင်ဒါငါးဖမ်းကွက် ၁၅၃ ကွက်နဲ့ ငါးမွေးကန် ၇၅၄၄ ဧကကျော်ရှိပြီး ငါးလုပ်ငန်းဆိုင်ရာ အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လျာထားငွေကျပ်သန်း ၈၀၀ ထက် ငွေကျပ် သန်း ၁၆၈၉ သန်းကျော် ကောက်ခံရရှိခဲ့ပါ တယ်။ ပျားမွေးမြူရေးလုပ်ငန်းအနေနဲ့ ပျား မွေးမြူသူလုပ်ငန်းရှင်ပေါင်း ၃၁၇ ဦးနဲ့ ပျားရည် ထုတ်လုပ်မှုအနေနဲ့ ပေါင် ၅ ဒသမ ၈၄ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒုတိယမူဝါဒဖြစ်တဲ့ လမ်းပန်းဆက်သွယ် ရေးကဏ္ဍမှာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် တစ်ခုတည်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၁၅ ဘီလီယံ ကျော် အသုံးပြုပြီး ကတ္တရာကွန်ကရစ်လမ်း AC ၁၁ မိုင်ကျော်၊ ကွန်ကရစ်လမ်း ၆၁ မိုင် ကျော်၊ ကတ္တရာလမ်း ၄၃ မိုင်ကျော်၊ အမာခံ လမ်း ၄၆၈ မိုင်ကျော်နဲ့ အခြား ၂၆၉ မိုင်ကျော် ဖောက်လုပ်ပေးနိုင်ခဲ့ပြီး ပေ ၁၈၀ နဲ့အထက် တံတား ၁၁ စင်း၊ ပေ ၁၈၀ အောက် တံတား ၉၂၃ စင်း ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။

သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း- ခန္တီးလမ်းကို ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်ရာမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ နမ့်ပဂွန်တံတားနဲ့ နမ့်စပိတံတားကို တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဟုမ္မလင်းကနေ ခန္တီးကို ရာသီမရွေးသွားလာနိုင်ပြီ ဖြစ်ပါတယ်။ ချင်းတွင်းတံတား ခန္တီးကို အရင်နှစ်က တည်ဆောက်ပြီးပြီဖြစ်တဲ့အတွက် အရင် ခန္တီးမြို့မှ နာဂဒေသကို တစ်ညအိပ် ခက်ခက်ခဲခဲ သွားရတဲ့ အခြေအနေကနေ ခန္တီးမြို့ကနေ နာဂဒေသ လဟယ်မြို့ကို သုံးနာရီခွဲနဲ့ အရောက် သွားနိုင်ပြီဖြစ်လို့ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလာပြီ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)ကို ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဖွင့်လှစ်ပေးခဲ့တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ တမူးမြို့ကို ဟုမ္မလင်း-ကက်သာ - အောင်ဇေယျ - တမူးလမ်းအတိုင်း သွားရောက် နိုင်မှာ ဖြစ်ပါတယ်။ ဒီလမ်းပိုင်းမှာရှိတဲ့ ကက်သာ-အောင်ဇေယျလမ်းပိုင်း (၃၈)မိုင် ပေါ်မှာရှိတဲ့ လမ်းတံတားတွေကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒီလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးသွားရင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ နာဂဒေသကနေ အိန္ဒိယနယ်စပ်အထိ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်မှာ ဖြစ်ပါတယ်။

 

စစ်ကိုင်း - ရွှေဘို - ရေဦး - ကလေးဝ - တမူးလမ်းသည် မဟာမဲခေါင် စီးပွားရေးစင်္ကြံလမ်း (Greater Mekong Subregion Economic Corridor) စာရင်းမှာ ပါဝင်ပြီး မြောက်ပိုင်း စင်္ကြံလမ်း (Northern Corridor) မူဆယ် - မန္တလေး - ရွှေဘို-ရေဦး-ကလေးဝ- တမူး လမ်းအပိုင်းမှာ ပါဝင်ပါတယ်။ အဆိုပါ မြောက်ပိုင်းစင်္ကြံလမ်းက စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း စစ်ကိုင်း - ရွှေဘိုလမ်း၊ ရွှေဘို - ရေဦးလမ်း၊ ရေဦး-ကလေးဝလမ်းနဲ့ ကလေးဝ- တမူးလမ်းတို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ရေဦး-ကလေးဝလမ်းကို အဆင့်မြှင့်တင်ဖို့ လိုအပ်လျက်ရှိတဲ့ အတွက် လိုအပ်တဲ့ရန်ပုံငွေကို ပြည်ထောင်စုကနေ တောင်းခံထားပြီး ဖြစ်ပါ တယ်။

ဒီလမ်းပေါ်မှာရှိတဲ့ ချင်းတွင်းတံတား (ကလေးဝ) ကို တည်ဆောက်ခဲ့ပြီး ကလေးဝ-တမူးလမ်းပိုင်း မိုင်(ဝ/ဝ) မှ (၉၃/ဝ) အထိ (၉၃) မိုင်ကို အိန္ဒိယ အကူအညီဖြင့် (၁၈)ပေ အကျယ် AC လမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒီလမ်းပေါ်မှာ ရှိတဲ့ ဘေလီတံတား (၆၉) စင်းကိုလည်း RC တံတားတွေဖြစ်အောင် အိန္ဒိယအကူအညီနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တမူး - ကလေးဝ -ယာကြီး-ချောင်းမ- လင်းက တောလမ်းဟာ အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံချင်းဆက် လမ်းမကြီး (India – Myanmar - Thai Trilateral Highway) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီသုံးနိုင်ငံ ချင်းဆက် လမ်းမကြီးမှာ မုံရွာ - ယာကြီး - ကလေးဝလမ်း ပါဝင်ပြီး ဒီလမ်းကို အိန္ဒိယ အကူအညီနဲ့ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ မှာ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆ ဘီလီယံကျော်နဲ့ အရာထမ်းတွေအတွက် အခန်းပေါင်း ၂၀ ပါဝင်တဲ့ အိမ်ရာ တစ်လုံးနဲ့ အမှုထမ်းတွေအတွက် အခန်းပေါင်း ၂၆၀ ပါဝင်တဲ့ အိမ်ရာ ၁၉ လုံးကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ပင်စင်စားနိုင်ငံ့ဝန်ထမ်းတွေနဲ့ အိမ်ရာမရှိသေးတဲ့ ပြည်သူတွေအတွက် ပြည်သူ့အငှားအိမ်ရာအဖြစ် မြို့နယ်ပေါင်း ၅ မြို့နယ်မှ အခန်းပေါင်း ၅၅၂ ခန်းပါဝင်တဲ့ တိုက် ၁၂ လုံး ကို ဆောက်လုပ်ခဲ့ပြီး အခန်း ပေါင်း ၄၈၀ ကို နေရာချထားပေးခဲ့ပြီး ဖြစ်ပါ တယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ၄ မြို့နယ်မှာ အခန်းပေါင်း ၁၉၂ ခန်း ပါဝင်တဲ့ တိုက်ငါးလုံးကို ဆောက်လုပ်ပေးခဲ့ပြီး နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

လျှပ်စစ်ဓာတ်အား တိုးတက်ရရှိသုံးစွဲနိုင် စေရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၆၃၄ ဒသမ ၇ သန်းနဲ့ တိုးချဲ့လုပ်ငန်းတွေဖြစ်တဲ့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံ၊ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံ တစ်ရုံ၊ ၆၆ ကေဗွီလိုင်း မိုင် ဝ ဒသမ ၅၀ ၊ ၃၃ ကေဗွီလိုင်း ၅၃ မိုင် တပ်ဆင်ခြင်းတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အစားထိုးနဲ့ အင်အားတိုးလုပ်ငန်းတွေအနေနဲ့ ၃၃ ကေဗွီ လိုင်းကြိုးတိုင်လဲခြင်း (၅) မိုင်ကို ပြည်ထောင်စုရန်ပုံငွေကျပ် ၇၄ ဒသမ ၅ သန်းနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း

အကောင်အထည်ဖော်နိုင်မှုအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ် နမ့်ပင ရေအားလျှပ်စစ် စီမံကိန်း ဆောင်ရွက်နေစဉ် ကာလအတွင်းမှာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ စီမံကိန်း ပတ်ဝန်းကျင်မှ ဒေသခံပြည်သူတွေ လျှပ်စစ်ဓာတ်အား ကြိုတင်သုံးစွဲနိုင်ဖို့အတွက် ကျေးရွာ ၁၂ ရွာမှာ ၄၀၀ ဗို့ ဓာတ်အားလိုင်းတွေ သွယ်တန်းပေးခဲ့ပြီး ဒီဇယ်ဓာတ်အားပေးစက်နဲ့ မီးစက်ထားရှိနိုင်ဖို့ သံကူကွန်ကရစ် အဆောက်အဦတွေကို တည်ဆောက်ပေးခဲ့ပါတယ်။

တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် ၁၃ ဘီလီယံကျော်နဲ့ တိုးချဲ့လုပ်ငန်းတွေဖြစ်တဲ့ ၁၁/၄ ဒသမ ဝ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၆၁ ဒသမ ၉၃ မိုင်၊ ၄၀ဝ ဗို့ ဓာတ်အားလိုင်း ၁၀၁ ဒသမ ၂၀ မိုင်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၆ ဘီလီယံခန့်နဲ့ အစားထိုးလုပ်ငန်းတွေ ဖြစ်တဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၀ ဒသမ ၁၄ မိုင်နဲ့ ၈၇ တိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇၈ ဒသမ ၉၇ မိုင်နဲ့ ၂၀၇၀ တိုင်၊ ၄၀ဝ ဗို့ ဓာတ်အားလိုင်း ၁၀၆ ဒသမ ၁၈ မိုင်နဲ့ ၃၇၅၆ တိုင် စတဲ့လိုင်းကြိုးနဲ့ တိုင်လဲလှယ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့ ၅၀ လုံးမှာ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ပါတယ်။ ကျေးရွာပေါင်း ၅၉၉၁ ရွာအနက် ကျေးရွာ ၅၃၀၂ ရွာကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်လို့ တိုင်းဒေသကြီးတစ်ခုလုံးရဲ့ ၈၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေပြီ ဖြစ်ပါတယ်။

တိုင်းဒေသကြီးအတွင်း တရားဝင် မှတ်ပုံတင်ထားတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၃၅၀၀၀ ကျော်ရှိပြီး မှတ်ပုံမတင်ရသေးတဲ့ လုပ်ငန်းတွေကိုလည်း မှတ်ပုံတင်ကြဖို့ နှိုးဆော်ဆောင်ရွက်လျက်ရှိပါတယ်။ MSMEs လုပ်ငန်းရှင်တွေကို နည်းပညာသင်တန်းတွေ၊ စီးပွားရေးဆိုင်ရာ စီမံချက်ရေးဆွဲတဲ့ သင်တန်းတွေ၊ စာရင်းပြုစု ထိန်းသိမ်းနည်းသင်တန်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒေသတွင်းလုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေ ဈေးကွက်ရရှိစေဖို့အတွက် ပြည်တွင်း ပြည်ပ ပြပွဲတွေမှာ ပါဝင်ပြသနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ASEAN SME Web Portal မှာ ကြော်ငြာပေးခြင်းနဲ့ MSMEs Myanmar Web Portal တို့မှာ ကြော်ငြာပေး ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

တတိယမူဝါဒဖြစ်တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်အနေနဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလမှာ ဗန်းမောက် မြို့နယ် ဇလုံတောင်သို့ ဘုရားဖူးလာ ပြည်သူ တွေ အေးချမ်းသာယာစွာ ဖူးမြော်နိုင်ရေး အတွက် ခမိုးရွာအနီးမှာ ခမိုးယာဉ်ရပ်နား စခန်းနဲ့ အပန်းဖြေစခန်းကို ဖွင့်လှစ်ပေးခဲ့ပါ တယ်။ ဒီယာဉ်ရပ်နားစခန်းနဲ့ အပန်းဖြေစခန်း ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူတွေရဲ့ ဒေသထွက်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အဆင်ပြေစွာ ရောင်းဝယ်လာနိုင်တာကို တွေ့ရပါတယ်။

ဒါ့ပြင် ခရီးသွားမြှင့်တင်ရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ခရီးသွားရက် သတ္တပတ်အဖြစ် စစ်ကိုင်း၊ အင်းတော်၊ နဘား၊ ဗန်းမောက်၊ ရွှေဘို၊ နွယ်ငြိမ်း၊ မင်းကွန်းထိကို ရထား၊ ကား၊ သင်္ဘောတွေနဲ့ ခရီးသွားလုပ်ငန်း ဆက်စပ်သူတွေ၊ မီဒီယာတွေနဲ့အတူ သွား ရောက်ခဲ့ပါတယ်။ MHTTR 7-2019 ကားမောင်း ပွဲ ခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပခဲ့ပြီး MRTV - 4 ရုပ်သံကနေ ထုတ်လွှင့် ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ဂျပန်နိုင်ငံ မဉ္စူသကနတ်ပန်း(MANJUSHAKA) နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးအကအဖွဲ့တို့ ပူးပေါင်းတင်ဆက်တဲ့ ဂျပန် - မြန်မာ ချစ်ကြည်ရေးကပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စစ်ကိုင်းမြို့နဲ့ မုံရွာမြို့တို့မှာ ကျင်းပခဲ့ပြီး ဂျပန်ချစ်ကြည်ရေးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရီးသွားဇုန် ၆ ဇုန်မှာရှိတဲ့ ခရီးစဉ်နေရာတွေကို MITV နဲ့ ရိုက်ကူးခဲ့ပြီး ထုတ်လွှင့်ပြသခဲ့ကာ ခရီးသွား ဈေးကွက်ကို မြှင့်တင်ခဲ့ပါတယ်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ ဟိုတယ် ၃၆ လုံးနဲ့ အခန်းပေါင်း ၁၃၅၀ သာ ရှိခဲ့ရာကနေ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား ကော်မတီကနေ လိုင်စင်တွေ အမြန်ချထား ပေးမှုကြောင့် ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဟိုတယ် ၄၆ လုံးနဲ့ အခန်း ပေါင်း ၁၇၁၀ အထိ တိုးတက်လာခဲ့ပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသွားတွေ များပြားတဲ့ မင်းကွန်းဒေသအပြင် အခြားခရီးစဉ်နေရာတွေမှာ အများသုံးသန့်စင်ခန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ ဗီယက်နမ်နိုင်ငံ ဟလောင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်(ATF-2019)မှာ အာဆီယံ အများပြည်သူ သုံး သန့်စင်ခန်းစံနှုန်းဆု (ASEAN Public Toilet Standard Awards 2019-2021) ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မင်းကွန်းဒေသ ကို ချီးမြှင့်ခဲ့ပါတယ်။

ဒါ့ပြင် ကျေးရွာနေပြည်သူတွေ လက်တွေ့ကျကျ ထိရောက်ခံစားရတဲ့ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို ဧရာဝတီ မြစ်ဘေး အင်ဒေါင်းရွာမှာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကလေးနဲ့ ခန္တီးခရီးသွားဇုန် (၆) ဇုန်ကို အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့ စီမံဆောင်ရွက် လျက်ရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှုမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ဘဏ်တွေကနေ ချေးငွေ အလွယ်တကူရရှိစေရေးအတွက် လုပ်ငန်းရှင် ၁၀၉ ဦးကို အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ SME ချေးငွေ၊ CGI ချေးငွေနဲ့ JICA Two-Step Loan ချေးငွေ ရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမ ဘဏ်တို့ကို ချိတ်ဆက်ပြီး လုပ်ငန်းရှင် ၃၂ ဦး အတွက် ချေးငွေပမာဏ ငွေကျပ် ၈၅၁ ဒသမ ၅ သန်းကို ချေးယူနိုင်ခဲ့ပါတယ်။

ပြည်ပအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ ကောင်းတွေရရှိစေဖို့ ကူညီဆောင်ရွက်ခဲ့ရာမှာ ဒိန်းမတ်နိုင်ငံရဲ့ Responsible Business Fund (RBF) တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ အထောက်အပံ့ကို လုပ်ငန်းရှင် ၇၃ ဦးအတွက် ငွေကျပ် ၂၃၆၀ ဒသမ ၇ သန်း သဘောတူညီမှု ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍအနေနဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၅ ခုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တိုးမြှင့်ခြင်းတွေ အပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော် အပါအဝင် ငွေကျပ် ၄၆၂၇၅ သန်းကျော်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနဲ့ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းတွေ အပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ သန်း ကျော် ဝင်ရောက်လုပ်ကိုင်နေပါတယ်။

အရင်က သတ္တုတူးဖော်ခြင်း၊ ရေနံသဘာဝ ဓာတ်ငွေ့တူးဖော်ခြင်းနဲ့ သစ်အခြေခံလုပ်ငန်း စတဲ့ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ လယ်ယာထွက်သီးနှံ အမျိုးမျိုး စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းတွေ အပါအဝင် စိုက်ပျိုးရေး ဆက်စပ်အထောက်အကူပြု လုပ်ငန်းတွေဖြစ်တဲ့ ရေပိုက်နဲ့ အိတ်လိပ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ အော်ဂဲနစ်မြေဩဇာနဲ့ မြေဩဇာအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆန်နဲ့ သီးနှံကြိတ်ခွဲရေးသုံး စက်ပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ သီးနှံမျိုးစုံ အခြောက်ခံခြင်း၊ အဆင့်မြင့် သန့်စင်ရွေးချယ်ခြင်းနဲ့ ဆန်စပါးအဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းတွေ ဝင်ရောက်ခဲ့ပါတယ်။

မွေးမြူရေးလုပ်ငန်းအနေနဲ့ တိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်း များစွာရှိတဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ဝက်နဲ့ နွား မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းတွေ စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

စားသောက်ကုန်လုပ်ငန်းအနေနဲ့ ခေါက်ဆွဲခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ပျားရည်သန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းအနေနဲ့ ဒေသထွက် သီးနှံတွေ ထုပ်ပိုးနိုင်ဖို့အတွက် သစ်သီးစွပ် စက္ကူအိတ်၊ ဖော့အိတ်နဲ့ သစ်သီးထည့် ပလတ်စတစ်ခြင်း ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ထုပ်ပိုးဂျပ်စက္ကူ ပြုပြင်ထုတ်လုပ် ခြင်းလုပ်ငန်း၊ ပီနံအိတ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း တွေအနေနဲ့ ဟိုတယ်၊ ပုဂ္ဂလိက အထက်တန်း ကျောင်းလုပ်ငန်း၊ ရုပ်ရှင်ရုံ၊ အပန်းဖြေဥယျာဉ်နဲ့ Water Park ခေတ်မီကစားကွင်းလုပ်ငန်းတွေ ဝင်ရောက်ခဲ့ပါတယ်။

ဒါ့ပြင် ရေနံစိမ်းကနေ အဆင့်မြင့် ဒီဇယ်/ဓာတ်ဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ အသေးစား သတ္တုသန့်စင်ခြင်း လုပ်ငန်းတွေ၊ ဆိုလာစွမ်းအင်နှင့် အသေးစား လျှပ်စစ်ဓာတ်အားပေးစက်တွေကနေ ဆက် သွယ်ရေးတာဝါတိုင်တွေနဲ့ ကျေးလက်နေ အိမ်ခြေတွေအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွေမှာပါ ရင်းနှီး မြှုပ်နှံလာတာကို တွေ့ရပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက ဒေသအရင်းအမြစ်နဲ့ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်ပြီး တိုင်းဒေသကြီးရဲ့ အဓိက ဦးစားပေး ကဏ္ဍတွေနဲ့ လိုက်လျောညီထွေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ရုံသာမက တာဝန်ယူပြီး တာဝန်ခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အဖြစ် ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲဝင်ရောက် လာတာကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Investment Myanmar Summit နဲ့ Myanmar Investment Forum ပွဲတွေမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေ ပြသနိုင်ခဲ့တဲ့အတွက် စစ်ကိုင်းဆိပ်ကမ်းနှင့် မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်း၊ ကလေးဝမြို့မှာရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းနဲ့ ကလေးမြို့ အင်ဒိုင်းကြီးမှာရှိတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းတွေ တိုင်းဒေသကြီး အတွင်းမှာ ပေါ်ပေါက်ဖို့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပိုမိုစီးဝင်လာစေဖို့နဲ့ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့၊ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြသပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့ Sagaing Region Investment Fair 2020 ကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ဖို့အတွက် Stake-holder’s Meeting ကျင်းပခဲ့ပြီး ဖြစ်ပါ တယ်။

တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံပါက စစ်ကိုင်း၊ မုံရွာနဲ့ ရွှေဘိုမြို့တို့မှာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ်နဲ့ ကျန်မြို့နယ် ၃၄ မြို့နယ် မှာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ် ရရှိမှာ ဖြစ်သလို လုပ်ငန်းတည်ဆောက်ရေးကာလ အတွင်း ပြည်ပကနေ တင်သွင်းမယ့် စက်ပစ္စည်းတွေအပေါ် အခွန်အကောက် ကင်းလွတ်ခွင့်နဲ့ တင်သွင်းရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီး မြှုပ်နှံကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လုပ်ငန်း ဆောင်ရွက်ရာမှာ မြေအပါအဝင် ဆက်စပ်ဌာန ဆိုင်ရာတွေနဲ့ ဆက်သွယ်ရာမှာ အခက်အခဲတွေ ရှိရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။

ခန္တီးရတနာမြေအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ တရားမဝင် ရေမဆေးကျောက် ရှာဖွေသူတွေ အလုပ်အကိုင်အခွင့်အရေး ရရှိရေးအတွက် ကျောက်မျက်ရတနာ လက်လုပ်လက်စား တူးဖော်ထုတ်လုပ်နိုင်ဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကိုင်ခွင့်တွေ ချထားပေးလျက်ရှိပါတယ်။

ခန္တီးရတနာနယ်မြေ နန့်စလင်း ချောင်းဖျားမှော် (ကျောက်စိမ်းမှော်)နဲ့ ပတ္တာ ဘွန်မှော် (ပယင်းမှော်)တို့မှာ ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက်တွေကို တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိရာ နန့်စလင်း ချောင်းဖျားမှော်မှာ ၃ ကြိမ်နဲ့ ပတ္တာဘွန်မှော် မှာ ၂ ကြိမ်အထိ တင်ဒါခေါ်ယူဆောင်ရွက် နိုင်ခဲ့ပြီး အဆိုပြုငွေတွေ ပေးသွင်းပြီးတဲ့ တင်ဒါအောင်မြင်သူတွေကို လုပ်ကိုင်ခွင့်တွေ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။

ဓာတ်သတ္တုကဏ္ဍအနေနဲ့ အရင်က အသေးစားရွှေလုပ်ကွက်တွေကို ဧက ၂၀နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ သဘောထားမှတ်ချက် ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် တိုင်းဒေသကြီး အစိုးရက ဓာတ်သတ္တု အသေးစားနဲ့ လက်လုပ် လက်စား ထုတ်လုပ်ခြင်းတွေကို ဥပဒေနဲ့အညီ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါတယ်။ ယခုလို ထုတ်ပေးရာမှာ အသေးစားရွှေလုပ်ကွက်ကို နည်းဥပဒေပါအတိုင်း တစ်ကွက်ကို ၄ ဧကနဲ့ ကုမ္ပဏီတစ်ခုကို ၄ ကွက်အထိ၊ လက်လုပ် လက်စားလုပ်ကွက်ကို နည်းဥပဒေပါအတိုင်း တစ်ကွက်ကို တစ်ဧကနဲ့ လျှောက်ထား လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဧရိယာတိုင်းတာ သတ်မှတ်ပေးမှုအရ လက်ရှိအချိန်မှာ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ဗန်းမောက်၊ ကသာ၊ တန့်ဆည်နဲ့ ကျွန်းလှ မြို့နယ်တို့မှာ အသေးစားနဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက်တွေ ခွင့်ပြုပေးလျက်ရှိပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာ လုပ်ကိုင်ခွင့်ရရှိရေး တင်ပြဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို အသေးစားနဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက် တွေ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းကနေ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အတွက် ရန်ပုံငွေကျပ် ၃၀၀၁ ဒသမ ၈၈ သန်းရရှိခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အတွက် ရန်ပုံငွေကျပ် ၃၀၄၆ သန်း ရရှိဖို့ လျာထားပြီး ဖြစ်ပါတယ်။

မေး ။ ။ ယခုအချိန်အထိ ဆောင်ရွက်ပေးခဲ့မှုတွေထဲက အားအရဆုံး၊ အအောင်မြင် ဆုံးကို ပြောပါဆိုရင် ဘယ်အရာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ ဦးစားပေးချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေရဲ့ ပေါင်းစပ်ကူညီပံ့ပိုးမှု၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေရဲ့ ပါဝင်မှုတွေနဲ့ ဆောင်ရွက်ခဲ့ရလို့ တော်တော်အားရတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုတွေမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြို့ရေပေးရေးလုပ်ငန်းတွေ တိုးချဲ့ဆောင် ရွက်နိုင်မှုအနေနဲ့ တွင်းတိမ် နှစ်တွင်း၊ ရေကန် ရှစ်ကန်၊ စိမ့်စမ်း တစ်ခုနဲ့ အခြား ၆၈ ခု စုစုပေါင်း ၇၉ ခု ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြို့သန့်ရှင်းရေးနဲ့ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း SKAT အမျိုးအစား အမှိုက်သိမ်းယာဉ် နှစ်စီး၊ ခေတ်မီ ဟိုက်ဒြောလစ် အမှိုက်သိမ်းယာဉ် (Tank carrier) လေးစီး၊ ရေပုပ်စုပ်ယာဉ်အစီး ၂၀ နဲ့ Rear End Loader တစ်စီး စုစုပေါင်း ၂၇ စီး ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ကိုယ့်အားကိုယ်ကိုး လမ်းတွေအနေနဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကတ္တရာ ထောက်ပံ့ပြီး ပြည်သူမှ ကျောက်/လုပ်အားခ ကျခံကာ ပူးပေါင်းဆောင်ရွက်သော ကတ္တရာ လမ်း ၇ မိုင် ၅ ဖာလုံ၊ စည်ပင်မှ ဘိလပ်မြေ ထောက်ပံ့ပြီး ပြည်သူက သဲ၊ ကျောက်/လုပ်အားခ ကျခံကာဆောင်ရွက်တဲ့ ကွန်ကရစ် လမ်း ၅၇ မိုင် ၂ ဖာလုံ စုစုပေါင်း ၆၄ မိုင် ၇ ဖာလုံနဲ့ ကွန်ကရစ်တံတား ၇၁ စင်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။

ဒါ့ပြင် ကသာ၊ ကန့်ဘလူ၊ မော်လိုက်၊ ဗန်းမောက်၊ ရွှေဘို၊ အင်းတော်၊ မြောင်နဲ့ ပုလဲ စတဲ့ ၈ မြို့နယ်မှာ မြို့တော်ခန်းမအသစ်တွေ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ဟုမ္မလင်း၊ မုံရွာ၊ ကနီ၊ ယင်းမာပင်နဲ့ ကျွန်းလှ စတဲ့ ၅ မြို့နယ်ရှိ မြို့တော်ခန်းမတွေကို အဆင့်မြှင့်တင် နိုင်ခဲ့ပါတယ်။ ကသာနဲ့ ပင်လည်ဘူးမြို့နယ် တွေမှာ ကားကွင်းအသစ်တွေ တည်ဆောက် နိုင်ခဲ့ပြီး ဗန်မောက် (ဇလုံတောင်)၊ ကလေးမြို့ တို့မှာ ကားကွင်းတွေ အဆင့်မြှင့်တင်ပေးခြင်း၊ ကောလင်း၊ တမူးနဲ့ မင်းကင်းမြို့နယ် တို့မှာ ယာဉ်ရပ်နားစခန်းတွေ တည်ဆောက် ပေးခြင်းနဲ့ မုံရွာမြို့မှာ ကားကြီးကွင်း တစ်ခု တည်ဆောက်ခြင်းတွေကို ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နဲ့ ကသာ မြို့တို့မှာ မြို့အင်္ဂါရပ်နဲ့အညီ သာယာလှပစေရေးအတွက် Double Arm လမ်းမီးတိုင်တွေကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကန့်ဘလူမြို့နဲ့ ကလေးမြို့တို့မှာ Double Arm လမ်းမီးတိုင်တွေကို စိုက်ထူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

မုံရွာမြို့ သာယာလှပရေးနဲ့ ရေရှည် တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက် ၁၀ ခုကို ဆောင်ရွက်ဖို့ လျာထားခဲ့တဲ့အနက် မုံရွာမြို့ ကန်သာယာရေကန်ကို သာယာလှပအောင် ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တစ်ချက် ပါဝင်ပါတယ်။ မုံရွာမြို့ ကန်သာယာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက် လျက်ရှိရာမှာ ၁၆၉ ဧကရှိတဲ့ ကန်သာယာ ရေကန်ကို ပျမ်းမျှရေအနက် လေးပေတူးဖော် ပြီး ထွက်ရှိလာတဲ့ မြေတွေကိုဖို့ခြင်း၊ ကြိတ်ခြင်းနဲ့ ညှိခြင်းတွေ၊ မြေထိန်းနံရံနဲ့ တာပေါင်ချဲ့ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

ကန်သာယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေကို ပျမ်းမျှပေ ၃၀ ကျယ်ဝန်းတဲ့ မြေသား ပတ်လမ်းတွေ ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ကျွန်းနဲ့ဆက်ပြီး ၄ ဒသမ ၁၁ ဧကရှိ ကျွန်းဖော်ခြင်း၊ ကျောက်တိုင်ကျွန်းကို မူလ ၁ ဒသမ ၈၈ ဧကမှ ၅ ဒသမ ၇ ဧကအထိ မြေဖို့ခြင်း၊ ရာပြည့်ဘုရားကျွန်းကို မူလ ဝ ဒသမ ၈၉ ဧကမှ ၃ ဒသမ ၅၄ ဧကအထိချဲ့ခြင်း၊ ၁ ဒသမ ဝ၄ ဧကရှိ မြေသားကျွန်းဖော်ဆောင်ခြင်း၊ နဂါးရုံဘုရားအနီး ၁ ဒသမ ၇၄ ဧကရှိ မြေသား ကျွန်း ဖော်ဆောင်ခြင်းနဲ့ ကန်ပတ်လည်ရဲ့ မြေသားလျှောက်လမ်းတွေမှာ ကျောက်ရိုးစီ မြေထိန်းနံရံ ပေရှည် ၈၇၂၈ ပေ ဆောင်ရွက်ခြင်း၊ ကန်သာယာအတွင်းသို့ ချင်းတွင်းမြစ်ရေကို ရေစုပ်တင်ပြီး ရေဖြည့်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ထားတဲ့အပြင် လျော့နည်းသွားတဲ့ ရေတွေ ထပ်မံဖြည့်တင်းပေးနိုင်ဖို့ အရန်သင့် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ကန်သာယာ ပတ်လည်တစ်လျှောက်နဲ့ ကျွန်းတွေပေါ်မှာ ၄ လက်မထု သဲဖြန့်ခင်းခြင်း၊ မြေကြီး သိပ်သည်းစေဖို့ ရေဖျန်းခြင်းနဲ့ စက်ကြိတ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

မြေတူး၊ မြေဖို့၊ မြေကြိတ်ခြင်းနဲ့ မြေညှိ ခြင်း လုပ်ငန်းတွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ CSR ရန်ပုံငွေနဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေရဲ့ လှူဒါန်းငွေတွေနဲ့ စုပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ရွှေဘိုမြို့မှာ Hotel၊ Shopping Mall နဲ့ လုံးချင်းအိမ်ရာအလုံး ၃၀ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့ Global Biz Link Co.,Ltd နဲ့ အကျိုးတူ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

မေး ။ ။ တိုင်းဒေသကြီးတွေထဲမှာ အကြီးဆုံးတိုင်းဒေသကြီး ဖြစ်တဲ့အတွက် နေရာစုံ၊ ဒေသစုံမှာ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို သိပါရစေရှင့်။

ဖြေ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးဟာ ကျယ်ဝန်းပြီး Infrastructure မပြည့်စုံတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရာမှာ အကန့်အသတ် ဖြစ်နေခြင်း၊ နယ်စပ်ကုန်သွယ်ရေးမှာ ကန့်သတ်ချက်တွေရှိနေခြင်းတို့ဟာ အဓိက အဟန့်အတားဖြစ်ပါတယ်။ တိုင်းဒေသကြီး အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရာမှာ တတ်နိုင်သမျှ ဖြေလျှော့ပေးလျက်ရှိပါတယ်။ တစ်ဖက် ကနေလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် မူဝါဒချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နေသလို ခရီးသွား လုပ်ငန်း၊ SME လုပ်ငန်းတွေကတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက် နေပါတယ်။

မေး ။ ။ ပြည်သူတွေဆီကနေ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုတယ် ဆိုတာကို နားထောင်ပြီး လုပ်ဆောင်ပေးခဲ့ တာတွေရှိခဲ့ရင် ပြောပြပေးပါဦး။

ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှာကြားချက်ဖြစ်တဲ့ “လူထုနဲ့ တွေ့ဆုံကြ၊ လူထုအခက်အခဲတွေကို ဖြေရှင်းကြ” ဆိုတဲ့အတိုင်း တိုင်းဒေသကြီးအတွင်းက မြို့နယ် အသီးသီးကို ကွင်းဆင်းပြီး လုထုတွေ့ဆုံပွဲတွေ ပြုလုပ်ပါတယ်။

ဒီတွေ့ဆုံပွဲတွေမှာ ပြည်သူတွေ တင်ပြ တောင်းခံချက်တွေကို နေရာမှာတင် တစ်ခါတည်း ဖြေရှင်းပေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေကို တစ်ထိုင်တည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သလို စိစစ်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုတာကို ပြည်သူရဲ့ လက်ထဲရောက်ရှိအောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အကြောင်းပြန်ကြားစာ လက်ရောက်ပေးအပ် စေပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသံကို အလေးအနက်ထား နားထောင်သလို ပြည်သူ့ထံကို တလေးတစား ပြန်ကြားပေးလျက်ရှိပါတယ်။ ဆောင်ရွက်ပေးနိုင်တာတွေကို ချက်ချင်း ဆောင်ရွက်တယ်၊ ကာလရှည် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို တလေးတစား ပြန်ကြားပေးပါတယ်။

 

မေး ။ ။ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လိုရှိတယ်ဆိုတာကို သိရှိလိုပါတယ်ရှင့်။

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်း ပြည်သူတွေက မှားရင် ကွက်ကွက်ကွင်းကွင်း ထောက်ပြတတ်သလို မှန်ရင်လည်း လေးလေးစားစား ထောက်ခံတတ်ကြပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ ဆောင်ရွက်ချက် တွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်။

မေး ။ ။ လက်ရှိဆောင်ရွက်နေတဲ့ နှစ်အတွက်ဘယ်လိုရည်မှန်းချက်တွေ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ် ဆိုတာကို ပြောပြပေးပါဦးရှင်။

ဖြေ ။ ။ လက်ရှိကာလမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ မူဝါဒ ၃ ရပ်အပေါ် အခြေခံပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ ယ်။ ဒါ့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အဝင် မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ Information Centre တစ်ခု တည်ဆောက်လျက်ရှိပါတယ်။ ဒါက ဘာကိုမျှော်မှန်းသလဲဆိုရင် တိုင်းဒေသကြီးကို လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ကို Online နဲ့ Website ကနေ ဝင်ရောက် ကြည့်ရှုခြင်း၊ Centre မှာ လာရောက်လေ့လာ ခြင်းတို့ကို အလွယ်တကူ ရှာဖွေလေ့လာနိုင်အောင် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို အကောင်အထည်ဖော်ပြီး MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်သူတွေကို ဖြည့်စွက်ပြောပြချင်တာရှိရင်လည်း ပြောပြပေးပါဦးရှင်။

ဖြေ ။ ။ ပြည်သူက ယုံကြည်လို့ ရွေးချယ်တာဝန်ပေးအပ်ခဲ့တာ အချိန်ကာလ အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အင်တိုက်အားတိုက် အဂတိတရား ကင်းကင်းနဲ့ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်နေပါတယ်။

(၄)နှစ်တာကာလအတွင်း ခက်ခဲတဲ့ နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အရင်က တွင်းထွက်သယံဇာတနဲ့ သစ်ထုတ်လုပ်မှုကနေ အခြေခံတိုင်းပြည်ဘဏ္ဍာ ရန်ပုံငွေ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပုံစံကို လူသုံးကုန်၊ စားသောက်ကုန်၊ စက်မှုကုန်ထုတ် လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရင်းနှီး မြှုပ်နှံနိုင်အောင် ခွင့်ပြုပေးနေပါတယ်။

 

ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ဖြေလျှော့ပေးနိုင်တဲ့ အရာအားလုံးကို ဖြေလျှော့ပေးနေပါတယ်။ ပူးပေါင်းဆောင်ရွက် ပေးရမယ့် ကိစ္စရပ်မျိုးဆိုရင်လည်း အချိန်မဆိုင်း ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်နိုင်တာဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ဥပဒေနဲ့အညီ အဆင်ပြေချောမွေ့အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု၊ ရင်းနှီးမြှုပ်နှံ လိုတဲ့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။ ။

တွေ့ဆုံမေးမြန်း - ရှင်မင်း၊ ဓာတ်ပုံ- ကေကေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့