စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ အဝင်/အထွက် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့  သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ ၂၇ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက မုံရွာမြို့ အဝင်/အထွက်   ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ၊ မုံရွေး၊ အလုံနှင့် ပြည်တော်သာတို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့်   လူမှုရေးအသင်း အဖွဲ့များမှ ကူညီဆောင်ရွက်ပေးနေသူများအား လည်းကောင်း၊ Quarantine Center များဖြစ်သည့်  မုံရွာစီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်အိမ်ရာစခန်းနှင့် ဒေါနခြံရပ်ကွက်တို့သို့ သွားရောက်စစ်ဆေးပြီး   အားပေးစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ တစ်နေ့တာ အာဟာရဒါနအဖြစ် အချိုရည်ဘူးများ၊ စားသောက်ဖွယ်ရာ မုန့်မျိုးစုံတို့အပြင် အပူချိန်တိုင်း ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဘူးများအား ကုသိုလ်ပြုပေးအပ်ခဲ့ပြီး Quarantine Center များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျအားလုံး ပူးပေါင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်သူများ အေးချမ်းစွာ အပန်းဖြေနားနေစေရန်အတွက် မုံရွာမြို့ ကန်သာယာကန်တွင် ဆောင်ရွက်လျက်ရှိသော စတီးလက်ရမ်းတပ်ဆင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးတိုင်များ သွယ်တန်းတပ်ဆင်ခြင်း၊ သစ်ပင်ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ကျောက်ထုပ်ရိုက်ခြင်း၊ မြက်ခင်းပြင်များပြုလုပ်ခြင်း စသည့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွာကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)